ကျွန်တော့်ရဲ့ နောက်ဆုံးအချစ် (အပိုင်း ၄)

ကျွန်တော့်ရဲ့ နောက်ဆုံးအချစ် (အပိုင်း ၄)
ရေးသားသူ – ၂၄ မျက်နှာ

🧡အခန်း ( ၉ ) ကံနိမ့်သည့်အချိန်🧡

ဒေါ်ခိုင်ဇာမြင့်က ညအချိန် အရေးတကြီး ဖုန်းဆက်လာ၍ လုပ်လက်စအလုပ်ကို ရပ်ကာ Taxi ငှားပြီး ရုံးကိုသွားလေသည် ၊ ရုံးကိုရောက်တော့ မခိုင်ဇာမြင့်က သူ့ရုံးခန်းထဲတွင် ကျွန်တော့်ကို ထိုင်စောင့်နေလေသည် ၊ သူမ မျက်နှာက ညိုးနွမ်းနေလေသည်…၊ အလုပ်လုပ်ခဲ့သည့် သုံးနှစ်တာတွင် မခိုင်ဇာမြင့် အခုလိုဖြစ်သည်ကို တစ်ခါမျှမမြင်ဖူးခဲ့ချေ ၊ ကျွန်တော်က သူမ၏အရှေ့က ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး…

“အစ်မ…. ဘာပြဿနာဖြစ်တာလဲဗျ”

“ရဲမာန်…. အစ်မ ဘယ်ကနေစပြောရမလဲတောင် မသိတော့ဘူး ၊ စောနလေးတုံးကပဲ ဥက္ကဌကြီးက အစ်မကို ရုံးခေါ်ပြီး စကားပြောတာ”

“ဟုတ်….ဘာတဲ့လဲ”

“ကုမ္ပဏီက Financial Information Leak လို့တဲ့…. အဲ့ဒါ ဥက္ကဌကြီး တော်တော်ဒေါကန်နေတယ်၊ အဲ့တာ ဟိုအရေးကြီးတဲ့ ဖိုင်တွေရှိတဲ့ ဗီဒိုကို အခုတစ်ပတ်ထဲ Finance ဌာနကလည်း မဖွင့်ဘူး၊ အစ်မတို့ ဌာနကလည်း မောင်လေးပဲ နောက်ဆုံးဖွင့်တာဆို”

“အင်း…. အရင်အပတ်ကလေ ၊ အစ်မစားပွဲပေါ်က ရာထူးကြီးတဲ့လူတွေရဲ့ လစာတွက်ပြီးတော့ ကျွန်တော်ဖိုင်တွေ ပြန်သိမ်းပေးတာပဲရှိတာပါ”

“အဲ့တာ ဥက္ကဌကြီးက နောက်ဆုံးဖွင့်တဲ့သူကို အလုပ်က ရပ်နားခိုင်းမယ်လို့ ပြောတယ်”

“ကျွန်တော့်ကို အလုပ်ထုတ်မလို့လား ၊ ကျွန်တော်ကနေတဆင့် ပေါက်ကြားတယ်လို့ သက်သေရှိလို့လားဗျ ၊ ဟိုကောင် မြတ်မင်းသန့် ဗီဒိုကိုဖွင့်တာ ဖြစ်နိုင်တာပဲဟာကို”

“ဥက္ကဌကြီးက မြတ်မင်းသန့်ကတစ်ဆင့် သတင်းပေါက်သွားတယ်ဆိုတာတော့ သိတယ် ၊ ဒါပေမယ့် အတွင်းလူမပါပဲ သူ့သူတစ်ယောက်တည်းလည်း မဖြစ်နိုင်ဘူးလို့ပြောတယ်”

“ဒါပေမယ့် ကျွန်တော်မှမဟုတ်တာ အစ်မရယ် ၊ အစ်မလည်း သိတာပဲဟာ”

“မောင်လေး….. အစ်မ နားလည်ပါတယ် ၊ အစ်မလည်း မောင်လေးကို ယုံပါတယ်…. ဒါပေမယ့် အတွင်းလူဘယ်သူဆိုတာ မသိမချင်း မောင်လေးက ဓားစာခံဖြစ်မှာပဲ”

“ပြဿနာပဲဗျ ၊ အလုပ်ထွက်ရတာက အကြောင်းမဟုတ်ဘူး….. ကျွန်တော် ဘယ်သွားသွား နာမည်ပျက်ကြီး ကျန်ခဲ့မှာပေါ့”

“မောင်လေး စိတ်မပူပါနဲ့ ၊ အခု ပေါက်ကြားသွားတဲ့ သတင်းကလည်း တအားအရေးမကြီးပါဘူး….. ဥက္ကဌကြီးက အတွင်းလူပါလို့ ခံပြင်းပြီး ဒေါကန်သွားတာကြောင့်ပါ ၊ အစ်မက မောင်လေးကို အပြအနေနဲ့ပဲ တာဝန်က ရပ်ဆိုင်းထားပေးမယ်….. မောင်လေး ခွင့်ရက်ရှည်ရတယ်လို့ပဲ သဘောထားလိုက်ပါ”

Random Image

“ဟင်းး.

“အစ်မလည်း အတွင်းထဲကနေ အတတ်နိုင်ဆုံး စုံစမ်းပေးထားပါ့မယ်၊ လက်သည်ပေါ်ရင် မောင်လေးကို ပြန်ခေါ်လိုက်မယ်….. ဟုတ်ပြီလား”

“အင်း…. စောနက ကျွန်တော် အော်ပြောမိလိုက်တဲ့အတွက် တောင်းပန်ပါတယ် အစ်မ ၊ မဟုတ်ပဲနဲ့ စွတ်စွဲခံရတာလောက် ခံပြင်းတာမရှိဘူး.. ဘာပဲပြောပြော ကျွန်တော့်ပေါ့ဆမှုလည်း ပါတယ် ၊ အရင်တစ်ပတ်လောက်က အဲ့ဗီဒိုသော့ ခဏပျောက်သွားသေးတယ်၊ မြတ်မင်းသန့် HR ကို အလုပ်လာလုပ်တုံးက နေရာကြည့်ထားတာနေလိမ့်မယ်”

“အင်း…. အစ်မလည်း CCTV Record တွေပြန်ကြည့်ပြီး ရှာပေးထားပါ့မယ် ၊ ဖြစ်ချင်တော့ အဲ့ဗီဒိုရှိတဲ့ အခန်းက Finance မန်နေဂျာရုံးခန်းထဲမှာဆိုတော့ CCTV မတပ်ထားဖူး”

“ဟုတ်ကဲ့ပါ…. အဲ့တာဆို မနက်ဖြန် ရုံးကိုမလာရတော့ဖူးပေါ့”

“အေး… ခဏရှောင်နေလိုက်ဦး၊ ပစ္စည်းတွေတော့ မသိမ်းပါနဲ့ဦး…… အစ်မ သေချာသိမှ မောင်လေးကို ပြန်ဆက်သွယ်လိုက်မယ်”

“ဟုတ်ကဲ့ပါ”

ရုံးကနေပြန်လာခဲ့ပြီး ခံပြင်းသည့် ဒေါသများနှင့် ရင်ထဲတွင် လောင်ကျွမ်းနေလေသည်၊ အဲ့တာ ဟိုကောင် မြတ်မင်းသန့်လုပ်တာ ဖြစ်လိမ့်မည်….၊ ဘယ်သူ့ပယောဂ ထပ်ပါသည်ဟူ၍တော့ မသိ….၊ ဖြစ်နိုင်ခြေရှိတာက ကျွန်တော်နှင့် အနီးကပ်ဆုံး HR က လူတွေများလား ၊ သူတို့ကတော့ ကျွန်တော့်အား ချောက်ချမည့်လူတွေ မဟုတ်ဟု ယုံကြည်ထားသည်…..၊ တကယ်လည်း ယုံကြည်ချင်သည် ၊ အဲ့တာဆို ဘယ်သူဖြစ်လိမ့်မလဲ….၊ ဒီကိစ္စက မြတ်မင်းသန့် Finance ဌာနကို အလုပ်သင်အနေနဲ့ ရောက်သွားပြီးမှ ဖြစ်တဲ့ ကိစ္စဆိုတော့ သူ့ကိုလည်း တိုက်ရိုက် စွပ်စွဲ၍မရ..၊ ခွေးကောင်က လူလည်…..၊ သူနှင့် စက်ကွင်းလွတ်သည့် နေရာကိုရောက်မှ သူ့အကြံကို အကောင်အထည်ဖော်လေသည်။

ကျွန်တော် ဆက်ပြီး မတွေးတတ်တော့သဖြင့် ရှိပါစေတော့ကွာဟု စိတ်ကိုလျှော့လိုက်ရင်း လမ်းဘေးက ပလက်ဖောင်းတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်၊ အသက်ရှူခြင်းကို ပြန်လည် ထိန်းညှိရင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်၊ ပြီးနောက် Taxi ငှားပြီး အိမ်သို့ ပြန်ခဲ့လိုက်လေတော့သည်။

ညရောက်တော့လည်း တော်တော်နှင့် အိပ်မပျော်… အတွေးများက ယောက်ယက်ခက်နေလေသည်၊ မနက်ဖြန် မနက်စောစော ရုံးကိုသွားပြီးတော့ ကျွန်တော်ယူထားသည့် Laptop နှင့် အငယ်များကို ညွှန်ကြားရန်ရှိသည့် အချက်အလက်များကိုလည်း တစ်ခါတည်း တွေးထားလိုက်သည်…..၊ ထိုသို့ဖြင့် ညတော်တော်နက်မှ အိပ်ပျော်သွားတော့သည်။

မနက်ရောက်တော့ ရုံးကို စောစောလာပြီး တစ်ယောက်ယောက်အလာကို စောင့်နေလိုက်သည်၊ ၉ နာရီမတ်တင်းတွင် ဇော်မျိုးနိုင် ရောက်ရှိလာလေသည်…..၊ သူက ဝင်ဝင်လာခြင်း….

“ကိုဆံရှည်.. ဟိုကိစ္စက ဘယ်လိုဖြစ်တာလဲဗျ”

“ဪ… မင်းသိပြီးပြီလား”

“မနေ့ညက မခိုင်ဇာမြင့် ဖုန်းဆက်ပြီးမေးလို့ သိတာ”

“ဘာတွေမေးတာလဲ”

“ဘယ်သူတွေကို သံသယရှိလည်းလို့ မေးတာပါ၊ ကျွန်တော်ကတောင် ကိုဆံရှည်လုပ်တာ မဖြစ်နိုင်ဘူးလို့…. ဟိုကောင် မြတ်မင်းသန့်ပဲလို့ ပြောလိုက်သေးတယ်”

“အေး… ငါလည်း သူ့ကိုပဲထင်တာ ၊ လောလောဆယ် သက်သေက မရှိသေးတော့ ငါပဲပေါ့ကွာ ၊ အဲ့တာထားလိုက်တော့…. ငါ ရုံးက Laptop ပြန်လာပေးတာ ၊ နောက်ပြီး မင်းတို့လုပ်ဖို့ ကျန်သေးတဲ့ အလုပ်ကိစ္စတွေကိုလည်း ပြောမလို့”

“ဟုတ်… ကိုဆံရှည်”

“ငါ စာရွက်နဲ့ပဲ ရေးခဲ့ပေးလိုက်တယ် ၊ တစ်ယောက်တစ်ရွက်စီ….. သဲသဲဦးနဲ့ ရှပ်ပြာသီရိကိုရော ပေးလိုက်”

“ဪ…ဟုတ်”

“ဟိုကိစ္စက တကယ့်သက်သေရှာမတွေ့ရင်လည်း ငါတကယ် ထွက်သွားရနိုင်တယ် ၊ ဒါကြောင့် မင်းကိုလည်း နှုတ်ဆက်ခဲ့ပါတယ်ကွာ….၊ ဟိုပြာတာမ သီရိနဲ့ သဲသဲဦးတို့ကိုလည်း ပြောလိုက်ဦး”

“ဟာဗျာ…. ကိုဆံရှည်လည်း အဲ့လိုမပြောပါနဲ့၊ ကျွန်တော် ဒီကိစ္စကို ထဲထဲဝင်ဝင် စုံစမ်းပေးပါ့မယ်..၊ စိတ်ထဲ မြတ်မင်းသန့်အပြင် မသင်္ကာတဲ့သူတစ်ယောက်ရှိတယ်၊ ဒါပေမယ့် မသေချာသေးတော့ ဘယ်သူဘယ်ဝါရယ်လို့ မပြောချင်သေးလို့”

“အေးပါကွာ… ကျေးဇူးပါ ၊ မင်းအမှုပေါ်အောင် ဖော်နိုင်ရင် အရမ်းမိုက်တဲ့ အစ်ကိုကြီးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်”

“မလိုပါဘူး ကိုဆံရှည်ရယ်….၊ ခင်ဗျားကို မြန်မြန်ပြန်ခေါ်မှဖြစ်မှာ ၊ မဟုတ်ရင် ကျွန်တော်တို့ အလုပ်တွေ ပိုရှုပ်ကုန်လိမ့်မယ်ဗျ”

“ငါ့ကို အဲ့လောက်ချစ် တော်ရောပေါ့…”

Random Image

“စတာပါဗျာ….ဟဲဟဲ”

“အဲ့တာဆို ငါသွားပြီနော်…”

“ဟုတ်”

တနင်္လာနေ့ ဖြစ်သော်လည်း ရုံးမတက်ရသဖြင့် အခန်းထဲအောင်းနေရတော့လည်း ဘာလုပ်ရမှန်းမသိသဖြင့် ကြောင်တောင်တောင် ဖြစ်နေလေသည်၊ လောလောဆည်အဖို့တော့ ဂိမ်းဆိုင်လည်း မသွားချင်.….၊ ဒီအတိုင်း အိပ်ယာပေါ် ပက်လက်ကြီး လှဲနေမိလေသည်။ ညစ်နေသောစိတ်ကို ဖြေဖျောက်ရန်အတွက် ဖုန်းထဲတွင်ရှိသော ဟာသဇာတ်ကားတွေ ကြည့်ပြီး အကျယ်ကြီး ရယ်ပစ်သည်၊ ထိုအခါမှသာ ကျွန်တော့်စိတ်ထဲတွင် အနည်းငယ် ပူလောင်မှု လျော့ပါးသွားလေသည်…..၊ နေ့လည်စာ စားချိန်ရောက်တော့ အပြင်ကိုထွက်ပြီး ထမင်းဝယ်စားလိုက်လေသည် ၊ အိမ်ကိုမပြန်ချင်သေးသဖြင့် ဂိမ်းဆိုင်ဝင်ပြီး အချိန်ဖြုန်းလိုက်သေးသည်…၊ ညနေရောက်ခါမှ ညစာတစ်ခါထဲစားခဲ့ပြီး အိမ်ကိုပြန်ခဲ့လေသည် ၊ အိမ်ရောက်တော့ ဟိန်းထက်က……

“သားကြီး… မင်းဒီနေ့ ရုံးဆင်းတာ စောပါကောလား”

“အေး… ရုံးမှမတက်ရတာ ၊ ငါအလုပ်ဖြုတ်ခံလိုက်ရတယ်”

“ဟေ…. ဘယ်လိုဖြစ်လို့တုံးကွ”

“ပြောရရင်တော့ကွာ……. ^#^*!^#&&!^^#^&!&&$%&(((^%7*!(^#^*!((!^&#””

“မင်းပြောတဲ့ မြတ်မင်းသန့်ဆိုတဲ့ကောင်ရဲ့ ဖုန်းနံပါတ် ရှိတယ်မလား ၊ ငါ့ကိုပေးစမ်းပါ ပါးစပ်နဲ့ မရရင် လက်နဲ့ရှင်းတာပေါ့”

“ဟိန်းထက်ရ…. အလုပ်ထဲရောက်နေပြီကွ ၊ အဲလိုလုပ်လိုက်လို့လည်း ဘာမှပိုထူးမလာဘူး”

“တောက်…. ငါကွာ ၊ မင်းမို့လို့ သည်းခံပြီး ထွက်ခဲ့တာ၊ ငါသာဆို တစ်ရုံးလုံး ပတ်ဆဲခဲ့တယ်…၊ စိတ်ထဲထားမနေပါနဲ့တော့ကွာ…. သားကြီး… ငါ့ရုံးမှာ HR နေရာလွတ်နေတာရှိတယ်၊ လာပြီးအလုပ်လျှောက်လိုက်…၊ ငါ မန်နေဂျာကို ပြောပေးမယ်ကွာ ၊ စုမြတ်နိုးတို့လည်း ရှိတာပဲ”

“အေးပါ… အခုလောလောဆယ်တော့ ခဏလောက် စောင့်ကြည့်လိုက်ပါဦးမယ်”

“အင်း.. ခဏလောက် နားပေါ့ကွာ ၊ မင်းရန်ကုန်ရောက်ကတည်းက အလုပ်ပဲဖိလုပ်နေတာ…၊ အခု အနားရတယ်လို့သာ တွေးလိုက်ပေါ့”

“အင်း……”

ကျွန်တော့်အိပ်ခန်းထဲပြန်ရောက်လာတော့ ဘာလုပ်ရမှန်းမသိသလို နောက်တစ်ခါ ထပ်ဖြစ် ပြန်သည် ၊ ဇာတ်ကားလည်း မကြည့်ချင်တော့….၊ ဒီနေ့ တစ်နေကုန်ပြီဆိုလျင် ရုံးကဝန်ထမ်းတွေ အကုန်လုံး ကျွန်တော့်သတင်းကို သိရှိပြီးလောက်လေပြီ ၊ တခြားသူတွေ ဘယ်လိုထင်မလဲ ဂရုမစိုက်သော်လည်း နန်းဖူးဝတ်မှုံက ကျွန်တော့်ကို အထင်သေးသွားမည်ကိုတော့ မလိုလား…၊ ထို့ကြောင့် သူမကို ရှင်းပြရန်အတွက် ဖုန်းဆက်ရန် ပြင်ဆင်လိုက်သည်….၊ ဒီအချိန် ဖုန်းဆက်ရင် သူမ စာလုပ်နေတာများ ပျက်သွားမလားဟုလည်း တွေးမိလိုက်သေးသည်…၊ ဘာပဲဖြစ်ဖြစ် နန်းဖူးဝတ်မှုံ အထင်မလွဲအောင် သေချာရှင်းပြသင့်သည်ဟုထင်၍ သူမဆီသို့ ဖုန်းခေါ်လိုက်လေသည်…။

“တီ… တီ… လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်….. တီ”

သူမ စာလုပ်နေ၍ ဖုန်းပိတ်ထားသည်နှင့်တူသည်…..၊ ကျွန်တော်ဖုန်းကို မွေ့ယာပေါ်သို့ လွှင့်ပစ် လိုက်သည်၊ ထိုအချိန်တွင် အမေ့ထံမှ ဖုန်းဝင်လာလေသည်…။

“ဟယ်လို…သားရေ..ရဲမာန်”

“ဟုတ်….အမေ…ပြော”

“သား စိတ်ကိုထိန်းပြီး နားထောင်နော် သားလေး ၊ သားအဖေ ဒီနေ့ညနေက ဆုံးသွားပြီ”

ဟု အမေက အသံတုန်တုန်ရီရီနှင့် ပြောလေသည် ၊ ကျွန်တော် ကိုယ့်နားကိုယ်တောင် မယုံနိုင်…၊ အဖေက ဆုံးသွားပြီတဲ့လား….၊ စိုးထိတ်မှုတို့က ရင်ထဲကနေ ငယ်ထိပ်အထိ ဆောင့်တက်လာလေသည်…။

“ဗျာ…… ဘယ်လိုဖြစ်တာလဲဗျ ၊ ဘာရောဂါမှလည်း မဖြစ်သေးပဲနဲ့….၊ ဟိုတစ်နေ့ကမှ အဖေနဲ့ ဖုန်းဆက်တော့ အကောင်းကြီးရှိသေးတာကို…..၊ အဖေ ရောဂါဖြစ်နေတာကို ကျွန်တော့်ကို ဖုံးထားကြတာလား”

“မဟုတ်ပါဘူး သားရယ်….၊ ဒီနေ့နေ့လည်ခင်းအထိ ကျန်းကျန်းမာမာပါပဲ၊ နေ့လည်ခင်း တစ်ရေးတစ်မော အိပ်သွားပြီး မနိုးတာနဲ့ အမေသွားကြည့်လိုက်တော့ မင်းအဖေ အသက်မရှူတော့ဘူး သားရဲ့…..”

“ဟာ… ဗျာ….”

“ကံတရားရဲ့ အလိုရပေါ့ သားရယ်…၊ အမေကတော့ လူများတွေလို နာတာရှည်ရောဂါနဲ့ သက်ဆိုးရှည်နေတာထက်စာရင် အခုလို ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားတာ ကောင်းပါတယ်လို့ပဲ ဖြေသိမ့်လိုက်ပါတယ်”

“ဒါပေမယ့် ကျွန်တော်ပြောချင်တဲ့ စကားတွေ ကျန်သေးတယ်လေဗျာ”

“မနက်ဖြန် မနက်စောစော ကားနဲ့ သာစည်ပြန်ခဲ့မယ် အမေ ၊ ကျွန်တော့်ကို ဘာမှာစရာရှိသေးလဲ”

“သားလာရင်ကိုပဲ ရပါပြီ သားရယ် ၊ ဒီမှာ မင်းအစ်မတို့ကတော့ ကျန်တဲ့ကိစ္စတွေကို ဝိုင်းပြီး ကူလုပ်ပေးနေကြတယ်… သားပြန်လာမယ်ဆိုတော့ ပိုကောင်းတာပေါ့…. ရုံးက ခွင့်ပေးရဲ့လား”

“ဘယ်အလုပ်ဖြစ်ဖြစ် နာရေးခွင့်ရတော့ ရပါတယ် အမေရယ်….၊ အမေလည်း စိတ်တအားမတင်းထားနဲ့နော်..၊ ငိုချင်ရင် ငိုပစ်လိုက်”

“အေးပါ…..သားရယ်”

“အဲ့တာဆို ဒါပဲလေ အမေ၊ ကျွန်တော် ဘုရားသွားပြီး အဖေ့အတွက် ကောင်းမှုလုပ်ပေးလိုက်ဦးမယ်”

“အေး…အေး…သား…”

ကျွန်တော့်ရင်ထဲတွင် အလုပ်က အပူမီး ငြိမ်းခါစရှိသေး…. မိသားစုအပူမီးက ပြန်လည် လောင်ကျွမ်းလာသည်၊ ဟိန်းထက်ကို အကျိုးအကြောင်းပြောပြီး ရွှေတိဂုံဘုရားသို့သွားကာ ပန်းဆီမီးကပ်လှူပြီး အဖေ့အတွက် ရည်စူး၍ အမျှဝေပေးလိုက်သည်၊ မနက်ဖြန် သာစည်မြို့ကို ပြန်ရန်အတွက် ကားလက်မှတ်ကိုလည်း တစ်ခါထည်း ဝင်ဖြတ်ခဲ့လိုက်သည်၊ အိမ်ပြန်ရောက်တော့ ဟိန်းထက်က

“ငါပါလိုက်ခဲ့ပေးရမလား… သားကြီး”

ဟု နှစ်သိမ့်ပေး ရှာသည်၊ ကျွန်တော်က

“မင်းအလုပ်ရှိသေးတာပဲဟာ… နေခဲ့ပါ ၊ ငါဘာမှမဖြစ်ပါဘူးကွာ”

ဟု ပြန်လည်ပြောလိုက်ရသည်။

မနက်ရောက်တော့ လေးငါးရက်စာ အဝတ်အစားများကို လွယ်အိတ်ထဲ ထိုးထည့်ပြီး ကားကြီးကွင်းသို့သွားကာ သာစည်မြို့ရောက်မည့် လိုင်းကားပေါ် တက်လိုက်လေသည် ၊ လမ်းတစ်လျှောက်တွင် ဘေးပတ်ဝန်းကျင်က ရှု့ခင်းများ ငေးကြည့်ရင်း ပူဆွေးခြင်းများကို အနားပေးလိုက်သည်…၊ ဘွဲ့ရပြီးခါစ ဘဝတက်လမ်းအတွက် ရန်ကုန်ကို ဆင်းလာတော့ ဒီရှု့ခင်းများကိုကြည့်ပြီး စိတ်အားတက်ကြွခဲ့သည် ၊ အလုပ်ရပြီးလို့ ပထမဆုံးအကြိမ် အိမ်ကိုပြန်တော့လည်း မိမိလစာဖြင့် မိဘကို ကန်တော့ရတော့မည်ဟူ၍လည်း ကြည်နူးခဲ့ဖူးသည်၊ ဒီတစ်ခေါက်တော့ ကျွန်တော့်ရင်ထဲက အစားမထိုးနိုင်တဲ့ တစ်နေရာတွင် ကွက်လပ်လေးတစ်ခု ကျန်ရစ်ခဲ့ရင်း ဘဝဆိုတာဘာလဲဟု မေးခွန်းများစွာ ထုတ်မိခဲ့လေသည်၊

ညနေ ၄ နာရီကျော်တော့ ကျွန်တော့်ရဲ့ ဇာတိမြို့လေးသို့ ပြန်လည်ရောက်ရှိခဲ့လေသည် ၊ ကားပေါ်ကဆင်းတော့ နယ်မြို့လေးရဲ့ အငွေ့အသက်တွေက အရင်အတိုင်း မပြောင်းလဲပဲ ကျန်ရှိဆဲ…၊ ကျွန်တော့်ယောက်ဖက ကားဂိတ်ကို ဆိုင်ကယ်နှင့် လာကြိုလေသည် ၊ ထိုသို့ဖြင့် ကျွန်တော့်အိမ်လေးသို့ ပြန်လည်ရောက်ရှိခဲ့ရလေသည် ၊ အိမ်ထဲကိုပြန်ဝင်တော့ အမေက ကျွန်တော့်ကို ဖက်ပြီး ငိုကြွေးရှာလေသည်…၊ ကျွန်တော်က သူမနောက်ကျောကို ပွတ်သပ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည်။

အဖေ့ရဲ့ ရုပ်အလောင်းကိုတော့ ကျွန်တော့်အစ်မက ဓလေ့ထုံးစံများအတိုင်း စီမံထားလေသည်၊ အိမ်ကို နာရေးလာမေးကြသော ဆွေမျိုးမိတ်ဆွေတချို့ကိုလည်း နှုတ်ဆက်လိုက်သည်..၊ အမေက

“သား ဗိုက်ဆာနေပြီလား”

လို့မေးတော့ ခေါင်းကို အသာညိမ့်ပြလိုက်သည်၊ အမေက မီးဖိုခန်းထဲခေါ်သွားပြီး ကျွန်တော့်ကို ထမင်းခူးကျွေးလေသည်..။

“သား… စားနော် ၊ မင်းပြန်လာမယ်ဆိုလို့ မင်းအစ်မက မင်းကြိုက်တဲ့ဟင်းတွေ ချက်ထားတာ”

“ကျွန်တော်က အလောတကြီး လာလိုက်ရတော့ သူတို့ဖို့ ဘာမှတောင် မဝယ်ခဲ့ရဘူး”

“ ရပါတယ် သားရယ် ၊ မင်း ခါတိုင်းပြန်လာတော့ ဝယ်လာပေးနေကြပဲဟာ”

“အင်း…”

“ထမင်းလိုရင် အိုးထဲမှာ ကျန်သေးတယ်…. ခူးစားနော်သား… အမေ ဧည့်သည်တွေကို စကားသွားပြောလိုက်ဦးမယ်”

“ဟုတ်ကဲ့”

“ခရီးပန်းလာတာဆိုတော့ စားပြီးရင် နားလိုက်တော့ ၊ မနက်ဖြန်ကြရင် ဆွမ်းရင်ရှိတယ်…. မင်းအစ်မတို့ကို ကူလုပ်ပေးလိုက်ဦး”

“ဟုတ်ကဲ့ပါ အမေ”

ညနေစာစားပြီးနောက်တွင် ကျွန်တော် ကြီးပြင်းလာသည့် အခန်းလေးထဲသို့ ပြန်နားကာ အရင်တုံးက ပစ္စည်းဟောင်းလေးများကို ငေးကြည့်ပြီး အိပ်ပျော်အောင် အိပ်လိုက်လေတော့သည်..။

နောက်တစ်နေ့ရောက်တော့ အဖေ့နာရေးကိစ္စအတွက် လုပ်ဆောင်ရန် ကိစ္စအဝဝများကို ကူညီ၍ လုပ်ဆောင်ပေးလိုက်လေသည်၊ အမေကလည်း ဆွေမျိုးများအား စကားပြော ဧည့်ခံနေရသဖြင့် မအားလပ်ချေ ၊ နောက်ဆုံး အဖေ့ရုပ်ကလပ်ကို သုဿန်သို့ လိုက်ပို့ပေးပြီး ဧည့်သည်များ ပြန်သွားသည့်အခါမှပင် အမေတို့ အစ်မတို့နှင့် စကားပြောရလေတော့သည်၊

“သား…. အလုပ်ကော အဆင်ပြေရဲ့လား”

ဟု မေးလေသည်၊ ကျွန်တော်က အမေ့ကို စိတ်မပူစေချင်၍ ညာပြောလိုက်ရလေသည်…..။

“ဟုတ်.. အဆင်ပြေပါတယ် အမေ”

“လစာတွေရော ၊ စုမိဆောင်းမိရဲ့လား”

“ဟုတ်…အမေ”

“သား… ရည်းစားရှိနေပြီလား”

“မရှိသေးပါဘူးဗျာ”

“ဟေ….. သူများသားရှင်အမေတွေများဖြင့် သူတို့သားတွေ ရည်းစားထားမှာစိုးလို့ တားလိုက်ကြရတာ…၊ ငါ့သားကတော့ ရည်းစားထားခိုင်းတာတောင် မထားဘူး…”

ဟု ပြောလေသည်၊ ကျွန်တော့်အစ်မကလည်း…

“ရဲမာန်…. နင်က မိန်းမယူရင် ယူလို့ရတဲ့အရွယ် ရောက်နေပြီနော် ၊ ယောင်းမချောချောလေး တစ်ယောက် ဘယ်တော့အိမ်ခေါ်လာမှာလဲ”

ဟု ဝင်ညှော်ပြန်လေသည်၊ ကျွန်တော်က…

“မသိသေးပါဘူး အစ်မရယ် ”

“သားပုံစံက မလှုပ်မယှက်နဲ့ ကျောက်ရုပ်ကြီးအတိုင်းပဲ ၊ ပြီးတော့ ခေါင်းက ဆံပင်ရှည်ကြီးကို ညှပ်ပစ်လိုက်ပါလား…၊ အမေကတော့ဖြင့် လက်တွေယားလိုက်တာ..၊ ပုံစံက လမ်းသရဲလိုလို ဘာလိုလိုနဲ့…၊ ကောင်မလေးတွေ မကြိုက်တာမပြောနဲ့ အမေတောင် မကြိုက်ဘူး…”

“ဟား..ဟား.. အမေက ပြောလိုက်မှတော့ဖြင့်”

ကိုယ့်မိသားစုနှင့် စကားလက်ဆုံ မပြောရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ ၊ အခုလို အလ္လာပသလ္လာပ လျှောက်ပြောလိုက်ရတော့ ရင်ထဲက အပူမီးများ ငြိမ်းသက်သွားလေသည်၊ အမေ့ရဲ့ မေတ္တာစကားများနှင့် အိမ်အိုလေး၏ အရိပ်အာဝါသကြောင့်လည်း စိတ်နှလုံးကို အေးမြစေခြင်း ဖြစ်လိမ့်မည်၊ ကျွန်တော့် တူလေး တူမလေးများနှင့်လည်း အဖော်ပြုကာ သူတို့နှင့်အတူ ဆော့ကစားပေးလေသည်….၊ လေးနှစ်အရွယ် ကျွန်တော့်တူလေးက ကျွန်တော့်အား

“ဦလေးရဲမာန်က ယောကျာ်းလေးဖြစ်ပြီး ဘာလို့ဆံပင်ရှည်နေရတာလဲ”

ဟု မေး၍ တစ်အိမ်လုံး ဝိုင်းရယ်ကြသည်ကို ခံလိုက်ရသေးသည်။

ရန်ကုန်ကိုမပြန်ခင် နောက်ဆုံးနေ့ညတွင် အမေ့အား ရှစ်ခိုးဦးချပြီး ကန်တော့သည် ၊ အမေက ငါ့သားကျန်းကျန်းမာမာနေပါ၊ ဘုရားတရားကို မမေ့ပါနဲ့….၊ ပိုက်ဆံကို လိုတာထက်ပိုပြီး မဖြုန်းပါနဲ့၊ ရုံးပိတ်ရက်အချိန်ရရင် အိမ်ကို မကြာခဏပြန်လာပါ ဟူ၍ မှာကြားလေသည် ၊ အမေ့ရဲ့အခန်းထဲက ပြန်ထွက်လာပြီး အရင်က စက်ဘီးထားသည့် ဂိုထောင်ခန်းလေးထဲသို့ ဝင်ကြည့်လိုက်လေသည်…..။

ဂိုထောင်ခန်းလေးထဲတွင် ကျွန်တော် ကျောင်းတက်တုံးက စီးနင်းခဲ့သည့် စက်ဘီးအိုလေးနှင့် အဖေ့ရဲ့ တိုလီမုတ်စ ပစ္စည်းကိရိယာတချို့ကို အတူတွေ့ရလေသည်…၊ မီးစက်အပျက်ကြီး သတင်းစာအဟောင်းများ၊ သံတွေထည့်ထားသည့်ဗူး…. တူ.. ဝါရှာများ…. ဝါယာကြိုးတိုများ ၊ ပိန်ရှုံ့နေသည့် ဘောလုံးအဟောင်း ၊ ရေသန့်ဗူးခွံအလွတ်တွေ စသည့် ပစ္စည်းများကို ငေးကြည့်နေမိသည် ၊ စက်ဘီးအိုလေးမှာ ကိုယ်ထည်က သံချေးတွေကိုက်ပြီး ဘီးလုံးကလည်း တာယာများပိန်ရှုံ့ကာ စမုတ်တံတချို့ပင် ကျိုးပဲ့နေလေပြီ…၊ အဖေ ဘာလို့ မရောင်းပစ်ပဲ သိမ်းဆည်းထားသည်မသိ…။

စက်ဘီးအိုလေးကိုတွေ့တော့ ကျွန်တော်ငယ်စဉ်က အဖေနှင့်အတူ ဘော်လုံးကွင်းထဲတွင် စက်ဘီးစီး သင်ပေးခဲ့သည့် အချိန်ကို သတိရမိသည် ၊ စက်ဘီးစီးသင်ရင်း ကျောက်ခဲနှင့် တိုက်မိပြီး စက်ဘီးပေါ်ကနေလဲတော့ ဒူးခေါင်းပွန်းသွား၍ ကျွန်တော်က ငိုလေသည်၊ အဖေက နှစ်တန်းအရွယ် ရဲမာန်လေး ငိုသည်ကို အငိုတိတ်အောင်မချော့…၊ ဘေးနားထိုင်ပြီး အသာလေး ကြည့်နေလေသည် ၊ ခဏကြာမှ အဖေက…..

“ကဲ.. သား ငိုလို့ပြီးပြီလား”

“အီး….ဟင့်…ဟင့်” (ရှိုက်သံ)

“မင်းငိုလို့ပြီးပြီဆို စက်ဘီးပေါ်ပြန်တက်ကွာ ၊ စက်ဘီးစီးပြီး အိမ်ပြန်ကြမယ်”

နှစ်တန်းအရွယ် ကျွန်တော်က စက်ဘီးကိုထူပြီး ပြန်တက်စီးဖို့ ကြောက်ရွံ့နေလေသည်၊ အဖေ့ကိုလည်း ပြန်မပြောရဲ….၊ ထို့ကြောင့် အဖေ့ကို ခေါင်းလေးစောင်းကာ လှည့်ကြည့်မိသည် ၊ အဖေက ကျွန်တော့်ပုခုံးကို အသာပုတ် အားပေးလိုက်ပြီး

“သား….. ယောကျာ်းဆိုတာ မျက်ရည်မကျရဘူးလို့တော့ အဖေမပြောဘူး….. ငိုစရာရှိရင် ငိုချလိုက် ၊ အေး…. ငိုလို့ဝရင်တော့ လဲကျနေရာကနေ ပြန်ထပေါ့ကွာ..၊ ဒါမှ ယောကျာ်းအစစ်ကွ”

“ဟုတ်”

“အခုတော့ မင်း လန့်နေသေးရင် စက်ဘီးတွန်းပြီး အိမ်ပြန်ကြတာပေါ့ ၊ မနက်ဖြန်ကြရင်တော့ စက်ဘီးစီး ပြန်သင်ရလိမ့်မယ်”

“သား စက်ဘီး ပြန်စီးကြည့်လိုက်မယ် အဖေ”

“အေး… ဒါမှငါ့သားကွ ၊ စက်ဘီးပေါ်တက်လိုက် အနောက်ကနေ အဖေကိုင်ပေးထားမယ်… မျက်လုံးရှင်ရှင်နဲ့ ကြိုကြည့်ထားရတယ်ကွ…. စက်ဘီးနင်းရင် သွားမယ့်လမ်းကိုလည်း ဂျိုင့်တွေ့ရင် ရှောင်နင်း… မခက်ပါဖူးကွာ…. လာ… တက်”

ဤကဲ့သို့ ဒူးပွန်းသည့်နေ့မှာပင် ကျွန်တော် စက်ဘီးစီးတတ်သွားခဲ့ဖူးလေသည်…။

ကျွန်တော့်အတွေးတွေက အတိတ်ကာလကနေ ပစ္စုပ္ပန်ကို ပြန်လည်ရောက်ရှိလာလေသည် ၊ အဖေ့ရဲ့ အရင်တုံးက ဆုံးမစကားအရ ကျွန်တော်လဲကျသည့်အတိုင်း မှိန်းနေ၍မဖြစ်… နောက်တစ်ဖန် ကိုယ့်အားကိုကိုးပြီး ပြန်ထမှဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ချက်ချမိလိုက်သည်။

နောက်တစ်နေ့မနက်တွင် အိမ်ရှိ မိသားစုဝင်များအားလုံးက ကျွန်တော့်ကို ကားဂိတ်သို့ လိုက်ပို့နှုတ်ဆက်ကြလေသည် ၊ အမေက ကျွန်တော့်ဖို့ ချဉ်ပေါင်ကြော်…. ကြက်သားမွှကြော် စသည့် ရက်ရှည်ခံမည့် ဟင်းလျာများကို ပလက်စတစ်ဗူးများနှင့် ထည့်ပေးလိုက်သေးသည်၊ အဝေးပြေးကားပေါ်တွင် ရှု့ခင်းများကို ကြည့်ရင်း လဲကျနေရာမှ နောက်တစ်ခါ ပြန်ထရန် စိတ်ကိုအားတင်းပြီး ရန်ကုန်သို့ ပြန်လာခဲ့လေတော့သည်။

—————————–

🧡အခန်း ( ၁၀ ) လမ်းပျောက်တဲ့ နေ့ရက်များ🧡

ကျွန်တော် ရန်ကုန်ကိုပြန်ရောက်တာ အခုဆိုလျင် နှစ်ပတ်ပြည့်ခဲ့လေပြီ ၊ အခုထိ အလုပ်က ဖုန်းဆက်ပြီး ပြန်မခေါ်သေး..၊ သို့ဖြစ်၍ ဟိန်းထက်နှင့် ယုပွင့်တို့အတွဲ အကြံပေးသလို သူတို့ကုမ္ပဏီတွင် အလုပ်လျှောက်လွှာတင်လိုက်သည်၊ Online ပေါ်က အလုပ်ခေါ်စာများကိုလည်း ကြည့်ရင်း ရာထူးနှင့်လစာ ကိုက်ညီမှုရှိလျင် CV Form ကို Mail ပို့ပြီး လျှောက်ထားလိုက်လေသည်၊ တချို့ကုမ္ပဏီတွေက အင်တာဗျူးခေါ်ဆိုသည့်အခါ သွားဖြေကြည့်သော်လည်း စိတ်ကြိုက်မဖြစ်သဖြင့် အလုပ်မရရှိသေးချေ။

ကျွန်တော့်အဖို့ နေ့စဉ်နေ့တိုင်း အားလပ်ရက် ဖြစ်နေသဖြင့် ဘာလုပ်ရမှန်းမသိသဖြင့် ကြောင်ပျောက်နေလေသည်၊ တစ်ခါတစ်ရံ ဟိန်းထက်တို့အတွဲ အပြင်ထွက်လည်လျင် အနောက်ကနေ ကန့်လန့်ကန့်လန့်နှင့် လိုက်သည်…..၊ သူတို့အတွဲကလည်း စိတ်လေနေသော ကျွန်တော့်ကို ဘယ်သွားသွား ခေါ်လေသည်၊ ရုံးဖွင့်ရက်များတွင်တော့ အိမ်ထဲတွင် ဇာတ်ကားကြည့်ပြီး အောင်းနေလိုက်လေသည်…၊ တစ်ခါတစ်ရံ မသန္တာတို့ တိုက်ခန်းဖက် အလည်သွားဖြစ်သည်…..၊ ပူတူးလေးလည်း ကျောင်းပြန်ဖွင့်ပြီဖြစ်၍ မသန္တာတစ်ယောက် ယခင်ကလို ကလေးတစ်ဖက် အလုပ်တစ်ဖက်နှင့် ဗျာများနေလေသည်၊ မသန္တာ၏အမေ အဒေါ်ကြီးရှိသည့်နေ့များတွင် အဒေါ်ကြီးပြောသမျှ ရှေးဟောင်းနှောင်းဖြစ် ပုံပြင်များကို ဒိုင်ခံနားထောင်ပေးသည်၊ နန်းဖူးဝတ်မှုံမပါပဲ ဂိမ်းဆိုင်ကို မသွားချင်သဖြင့် ဂိမ်းဆိုင်ကိုပင် မသွားဖြစ်တာ ကြာချေပြီ။

အားလပ်ရက်ဖြစ်သော စနေနေ့တစ်ရက်တွင် နန်းဖူးဝတ်မှုံထံမှ ဖုန်းဝင်လာလေသည်….။

“ဟယ်လို ညီမ.. ပြော”

“ဟုတ်… ကိုရဲမာန် ၊ အရင်လတုန်းက အစ်ကိုဖုန်းဆက်တော့ ညီမ စာလုပ်နေတာနဲ့ စက်ပိတ်ထားမိတာ….. အဲ့တာ စာမေးပွဲကြောင့် ခေါင်းရှုပ်နေတာနဲ့ ဖုန်းပြန်မဆက်ဖြစ်တာ.. ဆောရီးနော်”

“ရပါတယ်….. အစ်ကိုလည်း ညီမ စာမေးပွဲရှိမှန်းသိလို့ ပြန်မဆက်တော့တာ၊ အခု စာမေးပွဲ ပြီးပြီလား၊ ဖြေနိုင်ရဲ့လား ညီမ”

“ဟုတ်…. ဖြေနိုင်ပါတယ်ရှင့် ၊ အဲ့ဒီတုံးက ကိုရဲမာန် ဘာပြောမလို့ ဖုန်းဆက်လိုက်တာလဲ”

“ဪ…. အလုပ်ထုတ်ခံရတဲ့အကြောင်း ပြောမလို့ပါ”

“ဟုတ်…. အဲ့ဒီကိစ္စက ကိုရဲမာန်အမှား မဟုတ်မှန်း ညီမသိပါတယ် ၊ ရုံးမှာလည်း အခုထိ ပြောနေကြတုံး…၊ ကိုဆံရှည်… အဲလေ ကိုရဲမာန် မဟုတ်လောက်ဘူး ဆိုပြီးတော့”

“ အခုတော့ ပြီးသွားပါပြီ ၊ အစ်ကိုလည်း အလုပ်အသစ်တွေ ပြန်လျှောက်ကြည့်နေတာ”

“ဟင်.. ခဏလောက် စောင့်ကြည့်ပါဦး ကိုရဲမာန်ကလည်း ၊ HR က မန်နေဂျာက အစ်ကို့အတွက် ခဏခဏ ပြောပေးနေတယ်လို့တော့ ကြားတယ်… ညီမ အသေးစိတ်သိရင် ပြန်ပြောပေးပါ့မယ်”

“အင်း… ကျေးဇူးပါ ၊ ဒါနဲ့ အစ်ကို သာစည်မြို့ပြန်တော့ ညီမအမေတို့နဲ့တောင် တွေ့လိုက်သေးတယ်”

“အိမ်ခဏပြန်တာလား…. ညီမကိုတောင် မပြောဘူး”

“အင်း…… အဖေဆုံးတာနဲ့ ရုတ်တရက် သွားလိုက်ရတော့ မပြောဖြစ်လိုက်တာ”

“ဟယ်….. အစ်ကို့အဖေ ဆုံးတာလား ၊ စိတ်မကောင်းလိုက်တာ”

“အင်း… ဒီလိုပါပဲကွာ…. ဒီနေ့ ညီမ အပြင်သွားစရာရှိလား”

“ဟုတ်… စာမေးပွဲပြီးလို့ ကျောင်းကသူငယ်ချင်းတွေနဲ့ လျှောက်လည်ကြမလို့ ၊ ဘာဖြစ်လို့လဲ ကိုရဲမာန်”

“ဂိမ်းဆိုင်သွားကြမလားလို့ပါ ၊ ညီမ သွားစရာရှိရင်လည်း သွားလေ… နောက်တစ်ပတ်ပေါ့”

“ဟုတ်ကဲ့ အစ်ကို ၊ သူငယ်ချင်း ဖုန်းဆက်နေပြီ…. ဒါပဲနော်”

“အေး…အေး….”

အခန်းထဲအောင်းနေရတာကြာတော့ ငြီးငွေ့လာသဖြင့် အပြင်သို့ထွက်လိုက်ပြီး အညောင်းဆန့် လိုက်သည်၊ ဧည့်ခန်းတွင် ဟိန်းထက်နှင့် ယုပွင့်တို့အတွဲ အတူထိုင်ရင်း ဇာတ်ကားကြည့်နေကြသည်ကို တွေ့လိုက်ရသည် ၊ ကျွန်တော်က…

“မင်းတို့ ဘယ်မှမသွားကြဘူးလား”

ဟု မေးတော့ ဟိန်းထက်က..

“ငါတို့နှစ်ယောက်လုံး….. ရေခန်းနေပြီလေကွာ”

လို့ ပြန်ဖြေလေသည်။

“အဲ့တာဆို ငါအဖော်ရတာပေါ့…. ဟဲဟဲ”

ဟု စနောက်လိုက်ရာ ဟိန်းထက်က ယုပွင့်ကို နောက်ကျောကနေ ဖက်ထားသည့် လက်ကိုထုတ်လိုက်ပြီး လက်ခလယ်ထောင်ပြလေသည်….. ၊ ကျွန်တော်က

“စတာပါကွာ… ငါအပြင်သွားလိုက်ဦးမယ်”

“ဘယ်သွားမှာလဲ”

“မသိသေးဘူး”

ကျွန်တော် အိမ်နေရင်း အဝတ်အစားနှင့်ပင် တိုက်အောက်သို့ ဆင်းလာခဲ့လိုက်သည်၊ ဟိန်းထက်ကို ပြောခဲ့သလို ဘယ်သွားရမလဲ မသိသေး၊ ဘတ်စ်ကားဂိတ်ကိုသွားပြီး ကြုံရာကျပန်း ရောက်လာသော ကားပေါ်တက်စီးခဲ့လိုက်သည်၊ ဘတ်စ်ကားကတော့ သူ့လမ်းကြောင်းအတိုင်းသူ သွားနေသော်လည်း ကျွန်တော်ကတော့ ဘယ်ကိုရောက်မလဲဟု စိတ်ပင်မဝင်စားချေ…၊ ကားသွားရာ လမ်းကြောင်းအတိုင်း လိုက်စီးလာခဲ့သည်၊ လူနည်းနည်းကြပ်လာလျင် ကားပေါ်က ဆင်းလိုက်ပြီး လူချောင်သည့် နောက်ကားတစ်စီးပေါ် ပြန်တက်စီးလိုက်သည်၊ ဦးတည်ချက်မရှိပဲ ဘတ်စ်ကားလျှောက်စီးရသည်ကလည်း တစ်မျိုးတစ်ဖုံ အပျင်းပြေလေသည်…၊ ဝမ်းစာအတွက်… မိသားစုအတွက် ရုန်းကန်လှုပ်ရှားနေကြသော လူမျိုးပေါင်းစုံကြားထဲတွင် ကျွန်တော်က လွတ်လပ်သည့် လူသားတစ်ယောက်လို ခံစားရလေသည်…။

စမ်းချောင်းကနေ ဘတ်စ်ကားပတ်စီးရင်း ညနေစောင်းတော့ တောင်ဒဂုံမြို့သစ်ဖက်သို့ ရောက်နေကြောင်း သိရှိလိုက်သည့်အခါမှ ဘယ်ကားစီးပြီး ပြန်ရမှာပါလိမ့်ဟု YBS လမ်းညွန် App ကို ဖွင့်ကြည့်မိလိုက်လေသည် ၊ အဲ့ဒီလိုနှင့် အိမ်ပြန်ရောက်တော့ ည ၈ နာရီပင်ရှိသွားလေပြီ….၊ တစ်နေကုန်နီးပါး ကားပေါ်တွင် ထိုင်လိုက်ထလိုက်နှင့် လူလည်း တကိုယ်လုံး ညောင်းကိုက်နေလေပြီ ၊ ရေမချိုးချင်တော့သဖြင့် ကိုယ်လက်သပ်ပြီး အိပ်ရာဝင်ခဲ့လေသည် ၊ ပင်ပန်းထားမှုကြောင့် ညဦးပိုင်း အိပ်ပျော်သွားပြီး ညလယ်လောက်ကြ အိမ်မက်ဆိုးများ ထပ်မက်၍ လန့်နိုးလာလေသည်…။

အခုရက်ပိုင်းထဲတွင် အိမ်မက်ဆိုးများ ခဏခဏ မက်နေလေသည် ၊ အရင်ရည်းစားအကြောင်း အဖေ့အကြောင်း… တစ်ခါတစ်ရံတွင်လည်း တောထဲတွင် လမ်းပျောက်လိုက်…. မြို့ထဲတွင် လမ်းပျောက်လိုက်နှင့် အိမ်မက်ထဲ ယောင်ချာချာ ဖြစ်နေတတ်သည် ၊ အလုပ်မရှိသေး၍ အိပ်ရေးပျက်မည်ကို စိတ်မပူရသော်လည်း ညနက်သန်းခေါင် ခဏခဏလန့်လန့်နိုးသည်မှာ စိတ်ညစ်စရာကောင်းသည်….၊ လန့်နိုးပြီးရင်လည်း တော်တော်နှင့် ပြန်အိပ်မပျော်၊ ဒီလိုနှင့်ပင် မနက်မိုးလင်းခဲ့ရသည့် နေ့တွေက မနည်းတော့ချေ…။

ဗုဒ္ဓဟူးနေ့လောက်ရောက်တော့ ဟိန်းထက်တို့ ကုမ္ပဏီက အင်တာဗျူးခေါ်၍ သွားဖြေလေသည်၊ တာဝန်ထမ်းဆောင်ရမည့် လုပ်ငန်းစဉ်နှင့် ကမ်းလှမ်းသည့် လစာကလည်း အဆင်ပြေခဲ့လေသည်….၊ Second Interview ကို ဖုန်းဆက်၍ ပြောမည်ဟု ပြောလွှတ်လိုက်သည်၊ အလုပ်တစ်ခုတော့ မြန်မြန်ရမှဖြစ်မည်..၊ အခုလို ဂယောင်ခြောက်ဆယ် ဘဝကို အင်မတန်မှ ငြီးငွေ့နေလေပြီ….၊ အိပ်ရာမဝင်ခင် စိတ်တည်ငြိမ်အောင် ခဏလောက် တရားထိုင်မှတ်ကြည့်သော်လည်း အိမ်မက်ဆိုးများမှာ ထပ်ကာထပ်ကာ ခြောက်လှန့်နေဆဲ..။

သောက်ကြာနေ့ မနက်ခင်း၌ ကျွန်တော် အဝတ်လျှော်နေသည့်အချိန်တွင် ဟိန်းထက်ဆီမှ စကားအော်ပြောသံ ကြားရလေသည်…..။

“ဟေ့ကောင်..ရဲမာန် ၊ မင်းအခန်းထဲမှာ ဖုန်းလာနေတယ်ဟေ့… ကိုင်လိုက်ဦး”

ကျွန်တော်လည်း လျှောက်ထားသည့် ကုမ္ပဏီအသစ်က Second Interview ခေါ်တာလားဟု တွေးပျော်သွားပြီး ဆပ်ပြာရည်များပေနေသော လက်နှစ်ဖက်ကို ပုဆိုးနှင့် သုတ်လိုက်ပြီး အခန်းထဲ အမြန်ပြေးဝင်သွားလိုက်သည် ၊ ဖုန်းနံပါတ်ကြည့်လိုက်တော့လည်း ရုံးအထိုင်ဖုန်း ဖြစ်သည့်…. “01#####” ဖြစ်နေသောကြောင့် အမြန်ကိုင်လိုက်လေသည်..။

“ဟယ်လို…..အမိန့်ရှိပါ ခင်ဗျာ”

“အေး….မောင်လေး ရဲမာန်လား”

“ဟုတ်ပါတယ်ဗျ…..အမ်း….မခိုင်ဇာမြင့်လား”

“ဟုတ်တယ်…မောင်လေး ဘယ်လိုသိတာလဲ”

“သုံးနှစ်လောက်အတူတူ အလုပ်လုပ်လာတာပဲဗျာ…. ပြော အစ်မ”

ဖုန်းထဲက ပြောသည့် အသံကို ကျွန်တော် ရင်းရင်းနှီးနှီး ကြားဖူးနေလေသည် ၊ နားက ကြားသည့် အသံလှိုင်းတစ်ချို့ကို ဦးနှောက်က အဖြေထုတ်ပေးလိုက်ခြင်း ဖြစ်လေသည်။

“အေး.. မင်းကို အစ်မက surprise တိုက်မလို့ ရုံးဖုန်းနဲ့ ခေါ်လိုက်တာ ၊ မင်းက မှတ်မှိနေတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ”

“ဟုတ်အစ်မ..နေကောင်းတယ်မလား”

“ ကောင်းလား မကောင်းလား သိချင်ရင် ရုံးကို ကိုယ်တိုင်လာကြည့်လိုက်တော့ မောင်လေး ၊ ဟိုကိစ္စ မနေ့ကပဲ လက်သည်ပေါ်သွားပြီ”

“ဪ… ဟုတ်လား ဘယ်သူလုပ်တာလဲဗျ”

“အသားထဲက လောက်ထွက်တာပါအေ…၊ ဟိုကောင်မ သဲသဲဦးလေ ၊ ငါသတင်းရလို့ စစ်မေးကြည့်လိုက်တော့ မြတ်မင်းသန့်က အကူအညီတောင်းလို့ ခိုးကြည့်မိတာပါတဲ့”

“ဟုတ်လား ကျွန်တော်က အဲ့လိုမထင်ထားမိလိုက်ဘူး”

“အေး…. နင့်တပည့်မ လက်ချက်ပဲ ၊ ငါအခု ဥက္ကဌကြီးနဲ့ စကားပြောပြီးသွားပြီ….. ရုံးသာ လာခဲ့ပါတော့အေ… ရောက်မှ အကြောင်းစုံ ပြန်ပြောပြမယ်”

“ဟုတ်..ဟုတ်”

ထို့နောက် အဝတ်လျှော်လက်စ အဝတ်များကို ဒီအတိုင်း ဆပ်ပြာနှင့် စိမ်ထားခဲ့လိုက်ပြီး သင့်တော်မည့် အဝတ်အစားလဲကာ ရုံးကိုလာခဲ့လိုက်လေသည် ၊ လမ်းတွင် ကားကြပ်နေ၍ ရုံးကို ၁၀ နာရီခွဲမှ ရောက်ရှိသွားလေသည်၊ HR ဌာနထဲရောက်တော့ ဇော်မျိုးနိုင်နှင့် သီရိက လုပ်လက်စအလုပ်များကို ရပ်လိုက်ပြီး ကျွန်တော့်ကို ဝိုင်းဝန်းကြိုဆိုကြလေသည် ၊ ဇော်မျိုးနိုင်က

“ကိုဆံရှည်ကြီး… ပိန်သွားတယ်နော် ၊ ပြန်လာတာ ဝမ်းသာပါတယ်ဗျာ…..၊ အလုပ်တွေကလည်း ခင်ဗျားမရှိတော့ ပုံနေတာပဲ၊ မျက်ကွင်းတွေလည်းကျလို့၊ အိပ်ရေးတွေ ပျက်ထားတာလား”

“နည်းနည်းပါ”

“ကိုရဲမာန်…. ကျွန်မက ပါမင်းနင့် ဖြစ်သွားပြီနော် ၊ အလုပ်သင်ရှပ်ပြာလို့ မခေါ်ရတော့ဘူးနော်”

ဟု သီရိကလည်း နှုတ်ဆက်လေသည် ၊ ကျွန်တော်က..

“အေးပါ မရှပ်ပြာရယ်… ဒါနဲ့ မခိုင်ဇာမြင့်ကော”

“Personal ကိစ္စပေါ်လာလို့တဲ့ ၊ နေ့ဝက်ခွင့်ယူပြီး ရုံးဆင်းသွားပြီ”

“အခုမှ ၁ဝ နာရီခွဲပဲ ရှိသေးတာကို…. ဘယ်လိုလုပ် နေ့တစ်ဝက်ခွင့်လဲ”

“အဲ့တာပြောတာပေါ့ …… ရုံးမှာ ကိုဆံရှည်မရှိတော့ ဖြစ်ချင်တိုင်းဖြစ်နေတာ”

“ဒါနဲ့ သဲသဲဦးက အလုပ်ထွက်သွားပြီလား”

“မြတ်မင်းသန့်က သူ့ကို ဘယ်လိုဖျားယောင်းလိုက်တယ် မသိပါဘူး၊ ကိုယ့်စီနီယာကို နောက်ကျော ဓားနဲ့ထိုးရတယ်လို့…..၊ အစစ်မတွေ ကောင်းကိုမကောင်းဘူး”

ဟု ဇော်မျိုးနိုင်က ပြောလေသည် ၊ သီရိကလည်း…..

“ဟိုတစ်ယောက်က ကြည့်ပေးပါလား ဘာညာနဲ့ အကူအညီတောင်းလို့နေမှာပေါ့ ၊ မသဲသဲဦး ညီမကိုပြောတာတော့ သိပ်အရေးမကြီးတဲ့ အချက်အလက်မို့လို့ ကြည့်ပေးမိလိုက်တာတဲ့ ၊ ကိုရဲမာန်ကလည်း….. ကိုရဲမာန်ပဲ ဗီဒိုသော့ကို ညီမတို့မမြင်နိုင်တဲ့နေရာမှာ ဖွက်ထားတာ မဟုတ်ဘူး”

ဟု ပြောလေသည် ၊ ဇော်မျိုးနိုင်က ဆက်၍…

“ကျွန်တော်လည်း သဲသဲဦးက မြတ်မင်းသန့်နဲ့ ရောရောနှောနှောလုပ်နေလို့ အစကတည်းက မသင်္ကာဘူး ဖြစ်နေတာ ၊ ပြီးတော့ အစ်ကို့လိုပဲ သူ မလုပ်လောက်ပါဘူးလို့ပဲ ထင်မိလို့”

“ဟုတ်တယ်… မခိုင်ဇာမြင့်ကလည်း အဲ့ကိစ္စကိုသိသွားတော့ တအားစိတ်ဆိုးသွားတာ ၊ သူ ဘယ်ကနေ သတင်းရတယ်တော့ မသိဘူး၊ မနေ့ညနေတုံးက သဲသဲဦးကို ခေါ်စစ်ပါလေရော”

“အင်း…..”

“အဲ့မှာ ပြဿနာစတက်တာပဲ…….. မခိုင်ဇာမြင့်က အော်ငေါက်… သဲသဲဦးက ငိုနဲ့ ၊ ကိုဇော်မျိုးနိုင်နဲ့ ကျွန်မလည်း ငြိမ်ငြိမ်လေးနေရတယ်….. ဒီနေ့လည်း မေးမယ်လုပ်ပြီး မမေးလိုက်ရဘူး”

“အဲ့ကလေးမ အစကတည်းက ငါ့ကိုပြောပြီး ဝန်ခံလိုက်ရမှာ ၊ အခုလို အလုပ်ထွက်ရမှာတောင် မဟုတ်လောက်ဘူးရယ်”

လို့ ကျွန်တော်ကပြောတော့ ဇော်မျိုးနိုင်က

“ ပြီးခဲ့တာတွေ ပြီးပါပြီ.. ထားလိုက်ပါတော့ ၊ ကိုဆံရှည်ကို တင်ပြစရာအလုပ်တွေ ရှိသေးတယ်”

“မင်းတင်ကြီးတော့ ငါမကြည့်ချင်ပါဘူး”

ဟု ကျွန်တော်က စနောက်လိုက်သည် ၊ ဇော်မျိုးနိုင်က မျက်နှာကို တည်လိုက်ပြီး….

“တကယ်ပြောနေတာ ကိုဆံရှည်…. နောက်နေတာ မဟုတ်ဘူး”

ဟု ပြောလေသည်…..။

ကျွန်တော်လည်း ဇော်မျိုးနိုင်ဘေးက ကျွန်တော့်ရဲ့ အလုပ်ထိုင်ခုံရှေ့တွင် ထိုင်လိုက်ပြီး…

“အေးပါကွာ… မိဇော်ရာ ၊ အခုပဲ ပြန်လာခါစရှိသေးတယ်… ငါ့ကို ဘာလုပ်ခိုင်းမလို့လဲ….. ပြော”

“ သီရိ မသိအောင်လို့ ဒီဖက်ခေါ်လိုက်တာ ၊ အလုပ်ကိစ္စ မဟုတ်ဘူးရယ်၊ နှလုံးသားရေးရာ ကိစ္စ”

“ဪ… ငါမင်းကိုပြောထားတဲ့ အစ်ကိုကြီးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုတဲ့ဟာလား ၊ သဲသဲဦး စာရင်းတွေ ခိုးကြည့်တာကို မင်းသတင်းပေးလိုက်တာလား”

“နှလုံးသားကိစ္စက ကျွန်တော့်ဟာ မဟုတ်ဘူး ၊ ကိုဆံရှည်ရဲ့ နှလုံးသားရေးရာကိစ္စကို ပြောမလို့”

“ဟေ ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့လား… ဟဲဟဲ”

“ ခင်ဗျားကြီး ကျွန်တော်ပြောတာကို အရင်နားထောင်ဦး…. စကားဖြတ်မပြောနဲ့”

“အေးပါ…ဟုတ်ပါပြီ…ပြော”

“ကိုဆံရှည် ရုံးမှာမရှိတုံး ကိစ္စတစ်ချို့ ဖြစ်ပျက်သွားသေးတယ် ”

“အင်း….ဘာလဲ”

“ခင်ဗျားရဲ့ Finance က မြှာလေး နန်းဖူးဝတ်မှုံကို မြတ်မင်းသန့်က အရှင်ရရ အသေရရ လိုက်ပြီး ဖွန်ကြောင်နေတယ်”

“အင်း….ပြောပါဦး”

“ဟိုတလောကလည်း ရုံးမှာကို ပန်းစည်းတွေလိုက် ဘာတွေပေးလိုက်နဲ့ ၊ အစကတော့ အဲ့ကောင်မလေးက ငြင်းပေမယ့် အခုတော့ မြတ်မင်းသန့်ဖက် ပါချင်ချင်ဖြစ်နေပြီလို့ ပြောသံတွေ ကြားနေရတယ် ၊ အဲ့တာ ကိုဆံရှည် ခင်ဗျား ဘယ်လိုလုပ်မှာလဲ”

“ငါက ဘယ်လိုလုပ်ရမှာလဲ”

“ခင်ဗျား နန်းဖူးဝတ်မှုံကို ဖွင့်ပြောပြီးပြီလား”

“ဟင့်အင်း”

“ကိုဆံရှည်နဲ့တော့ ဒုက္ခပဲ….. ခင်ဗျား အဲ့လို တုံဏှိဘာဝေလုပ်နေလေလေ ကောင်မလေးနဲ့ ဝေလေလေပဲနော် ၊ ဒီနေ့ သောကြာနေ့မလား.. အဲ့တာ ညနေကြရင် Finance ဌာနတစ်ခုလုံး ရွှေစက်တော်ကို သွားကြမှာတဲ့၊ အဲ့တာ မြတ်မင်းသန့်ပါ လိုက်သွားမယ်လို့ သတင်းရထားတယ်”

“အင်း…”

“အင်း မလုပ်နေနဲ့… ဟိုက ဘုရားဖူးရင်း လိပ်ဥပါ တူးသွားလိမ့်မယ်”

“အေးပါ ငါ့ကြုတ်ကြပ်လိလိုက်ပါ့မယ်”

အခုမှ ရုံးပြန်တက်ရပြီး ပျော်ရမယ်လို့ ကြံရွယ်ကာရှိသေး….. စိတ်အနှောင့်အယှက်ဖြစ်စရာ သတင်းက ခေါင်းထဲရောက်လာပြန်သည် ၊ ဇော်မျိုးနိုင်ရဲ့ သတင်းက အမှန်တကယ် မဟုတ်ပဲ ကောလဟာလ သက်သက်သာ ဖြစ်ပါစေဟု ဆုတောင်းမိသည်၊ နန်းဖူးဝတ်မှုံက မြတ်မင်းသန့်ကို ပြန်မကြိုက်လောက်ပါဘူးဟု စိတ်သက်သာရာအောင် တွေးကြည့်လိုက်သည်၊ တစ်ဖက်ကလည်း သူ့မှာ ရည်းစားလည်းရှိတာမှ မဟုတ်တာ ပြန်ကြိုက်ချင်လည်း ကြိုက်မှာပေါ့ ရဲမာန်ရာ…၊ မင်းက သူ့ဘဲလားကွာဟု တွေးမိပြန်လေသည်….။

သီရိတို့ ဇော်မျိုးနိုင်တို့က ချစ်စရာကောင်းလေသည်….၊ ကျွန်တော် အလုပ်တွင်မရှိသခိုက် တချို့အလုပ်တွေကို မလုပ်ထားသေးပဲ ထွက်သွားတုံးအတိုင်း ကျန်ရှိနေသေးသည်၊ ကျွန်တော်က….

“မင်းတို့ကောင်တွေ ငါပြန်အလာကို ဘာကြောင့် စောင့်နေလဲဆိုတာ ငါသိသွားပြီ”

ဟု ကွန်ပြူတာကိုဖွင့်ရင်း ပြောလိုက်သည်၊ ထိုအခါ ဇော်မျိုးနိုင်က

“အဲ့တာကြောင့် ကိုဆံရှည်က ကျွန်တော်တို့အတွက် မရှိမဖြစ်ပါဆို…. ဟဲဟဲ”

“အေးပါကွာ ငါက စီနီယာ HR ခိုင်းဖက်ပေါ့….၊ ဒီလိုမှန်းသိ ပြန်မလာပဲ တခြားကုမ္ပဏီမှာပဲ အလုပ်ဝင်လုပ်လိုက်ပါတယ်”

“ကျွန်တော်တို့ကို လွမ်းလို့မလား ”

“မဟုတ်ပါဘူး.. မင်းတို့ကို ကယ်တင်ပေးမလို့”

“အဲ့တာဆို ကယ်တင်ပေးပါဦး ကိုဆံရှည်ရယ်”

“ဟုတ်ပါပြီ ငါ့ကို ကော်ဖီတစ်ခွက်လောက် ဖျော်ပေးစမ်းကွာ”

“ဟဲ့သီရိ ကိုရဲမာန်က ကော်ဖီတစ်ခွက်လောက်တဲ့”

ဟု ဇော်မျိုးနိုင်က သီရိကို တစ်ဆင့်ပြန်ခိုင်းလိုက်လေသည် ၊ သီရိက စူပုတ်ပုတ်ဖြင့်

“ကိုရဲမာန်က ရောက်တာနဲ့ အနိုင်ကျင့်တော့တာပဲ၊ ထမင်းစားချိန်တောင်နီးနေပြီ ကော်ဖီသောက်ဦးမလို့လား”

ဟု အတွန့်တက်သည်…..။

“သြ…..ဟုတ်သားပဲ ၊ မဖျော်နဲ့တော့ သီရိ…..၊ ဒါနဲ့ ငါရုံးကို အမြန်လာလိုက်ရတော့ ထမင်းဂျိုင့် မပါခဲ့ဘူး၊ အဲ့တာ နင်နဲ့ ဇော်မျိုးနိုင်တို့ဆီက နေ့လည်စာ ကပ်စားရမှာပဲ”

ဟု ပြောလိုက်တော့ သီရိရော ဇော်မျိုးနိုင်ကပါ အသံပြိုင်တူဖြင့်

“ကိုယ့်ဘာသာဝယ်စား”

ဟူ၍ ပြောလိုက်လေတော့သတည်း။

နေ့လည်စာစားချိန်ရောက်တော့ ရုံးအောက်ထပ်တွင် Grab ကနေမှာထားသည့် ဒံပေါက်ပါဆယ်တစ်ပွဲကို စောင့်နေခိုက် မထင်မှတ်ထားသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်၊ မြေအောက် ကားပါကင်ကနေ မြတ်မင်းသန့်၏ကား ထွက်လာပြီး ကျွန်တော်နှင့် မလှမ်းမကမ်းတွင် ခဏရပ်နေလေသည်…၊ ထို့နောက် ရုံးပေါ်ကနေ နန်းဖူးဝတ်မှုံ ဆင်းလာပြီး မြတ်မင်းသန့်၏ ကားအရှေ့ခန်းထဲသို့ တံခါးဖွင့်ဝင်ထိုင်သည်ကို တွေ့ရသည်၊ နန်းဖူးဝတ်မှုံ ကားပေါ် တက်ပြီးပြီးချင်း မြတ်မင်းသန့်ကားက ထွက်သွားသဖြင့် သူတို့နှစ်ယောက်တည်း တစ်နေရာကို အတူသွားကြသည်ဆိုတာ သေချာသွားလေသည်။

နန်းဖူးဝတ်မှုံက ကျွန်တော့်ရည်းစား မဟုတ်သော်လည်း အူနုကို ကျွဲခတ်သလို ခံစားလိုက်ရသည်၊ ပြီးတော့ သူမကို ခေါ်သွားသည့်သူက မြတ်မင်းသန့် ဖြစ်နေ၍ ပိုပြီးခံပြင်းလေသည်၊ ခဏကြာတော့ မှာထားသည့် ဒံပေါက် ရောက်လာသောကြောင့် ရုံးပေါ်တက်ကာ ပြန်စားပြီး အလုပ်လုပ်နေလိုက်သည်၊ Finance မန်နေဂျာထံသို့ အချိန်ပိုဆင်းသော ဝန်ထမ်းများ၏ စာရင်းကို သွားပေးသည့်အခါတွင်လည်း မြတ်မင်းသန့်က နန်းဖူးဝတ်မှုံအနားတွင် မနှစ်လိုဖွယ် ရစ်သီရစ်သီ လုပ်နေသည်ကို တွေ့လိုက်ရသည်၊ Finance မန်နေဂျာ ရုံးခန်းတံခါးကိုရောက်တော့ တံခါးအသာခေါက်ပြီး အထဲကဝင်ခဲ့ပါလို့ပြောမှ ဝင်သွားလိုက်သည်၊ Finance မန်နေဂျာမမက…

“ဪ…..ရဲမာန် ၊ မောင်လေး ရုံးပြန်တက်ပြီလား”

“ဟုတ် အစ်မ…..”

“မင်း နှစ်ပတ်ကျော်လောက် နားလိုက်ရတာပေါ့”

“အဲ့လိုနားရတာတော့ မကောင်းပါဘူးဗျာ ၊ နာမည်က ပျက်ရသေးတယ်….၊ ဒါနဲ့ မြတ်မင်းသန့်က အခုထိ Finance မှာ ရှိသေးတာလား၊ ဟိုကိစ္စဖြစ်ပြီးတာတောင် ဥက္ကဌကြီးက ခေါ်ထားတုံးလား”

“အေး…. မင်းဘယ်သူကိုမှတော့ ပြန်မပြောနဲ့ ၊ ဒီလိုကွ…. မင်းသိတဲ့အတိုင်း မြတ်မင်းသန့်က အစ်မတို့ကုမ္ပဏီက ငွေကြေးဆိုင်ရာ အချက်အလက်ကို သူ့အမေတို့ဘက်ကို ပြောပြလိုက်ရော ၊ မနေ့တုံးက မင်းအစ်မ HR မန်နေဂျာက ဥက္ကဌကြီးကို ဟိုကောင်မလေး…. ဘယ်သူ မင်းတို့ HR ကလေ….”

“သဲသဲဦး”

“အေး.. အဲ့ကောင်မလေးကနေတဆင့် မြတ်မင်းသန့်က သိသွားတဲ့အကြောင်းကို ပြောပြရော၊ ဥက္ကဌကြီးက မြတ်မင်းသန့်ကို မင်းဒါကို ဘာလို့ပြောလိုက်တာလဲလို့ မေးတော့ HR က ကောင်မလေးတစ်ယောက်နဲ့ စကားကြုံလို့ ပြောရင်း သိတယ်လို့ ဗြောင်ငြင်းလေတယ်”

“အင်း”

“ဥက္ကဌကြီးက သူ့ရဲ့ဘက်က အမျိုးတော်တာလည်း မဟုတ်ဘူးဆိုတော့ စကားကျွံမှာစိုးလို့ မြတ်မင်းသန့်ကို ဘာမှထပ်မပြောတော့ဘူး ၊ ပြီးတော့ အခုတစ်ပတ်ပြီးရင် မြတ်မင်းသန့် အလုပ်သင်တာ ဌာနအကုန်နှံ့ပြီဆိုတော့ ပြီးပြီပေါ့ကွာ…. မင်းအစ်မက မပြောပြဘူးလား”

“အင်း.. မခိုင်ဇာမြင့်က သူ့ကိစ္စရှိလို့ နေ့တစ်ပိုင်းခွင့်ယူပြီး ပြန်သွားလို့ မမေးလိုက်ရဘူးရယ်”

“အင်း မင်းလည်း ကံကောင်းတယ်ရယ်….. Leak သွားတဲ့ Information က ဟိုးအရင်တစ်နှစ်က စာရင်းဖြစ်နေလို့ တော်သေးတာပေါ့ ၊ နောက်ပြီး မင်းအစ်မ မခိုင်ဇာမြင့်ကို သဲသဲဦးလုပ်တာလို့ ဘယ်သူ သတင်းပေးလိုက်တယ် မသိဘူး….. ပြန်လာမှ မေးကြည့်ပေါ့ကွာ”

“ဟုတ်”

“ငါလည်း မြတ်မင်းသန့်ဆိုတဲ့ အကောင်ကို တော်တော်မျက်စိနောက်နေပြီ ၊ နန်းဖူးဝတ်မှုံရှိတော့ ဒီကောင် ဒီဌာနမှာတင် နှစ်ပတ်ကျော်အောင် လာရှုပ်နေတာ၊ အလုပ်ကြ တကယ်ကူလုပ်ပေးတာလည်း မဟုတ်ပဲနဲ့”

“ဟုတ်… အစ်မ စာရင်းထားခဲ့ပြီနော်”

“အေး အစ်မလိုတာရှိရင် ဖုန်းဆက်လိုက်မယ် ၊ နောက်တစ်ပတ် အင်္ဂါနေ့လောက်မှ အပြီးစစ်ပေး မယ်နော်….. ဒီနေ့ညနေ အစ်မတို့ တစ်ဌာနလုံး မန်းရွှေစက်တော်ကို သွားကြမလို့”

“ဟုတ်… ဘယ်တော့ပြန်ရောက်ကြမှာလဲ”

“တနင်္ဂနွေနေ့ညအမှီ ပြန်လာရမှာပေါ့ ၊ မဟုတ်လို့ တစ်ဌာနလုံးပျက်ရင် မခိုင်ဇာမြင့်က ငါ့ကို လည်ပင်းညှစ်လိမ့်မယ်”

“ဟုတ်… အဲ့တာဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး”

“အေး….အေး….”

Finance မန်နေဂျာရုံးခန်းမှ ပြန်အထွက်တွင် နန်းဖူးဝတ်မှုံရှိသည့်နေရာကို မကြည့်ဘူးဟု စိတ်တင်းထားသော်လည်း မနေနိုင်ပဲ ကြည့်မိသွားသည်၊ ဘေးနားတွင်ထိုင်ပြီး စာရင်းတစ်ခုကိုပြပြီး လျှောက်မေးနေသည့် မြတ်မင်းသန့်ကို သူမက ရယ်ရယ်မောမောနှင့် ရှင်းပြနေသည်ကို မြင်လိုက်ရသဖြင့် ကျွန်တော်က မဆီမဆိုင် ဒေါသထွက်မိသွားသည်၊ မြတ်မင်းသန့်ဆိုတဲ့ အကောင်ကို အပိုင်းပိုင်းခုတ် ကြိတ်စက်ထဲထည့်ပြီး ခွေးစာအနေဖြင့်သာ ကျွေးပစ်လိုက်ချင်သည်၊ နန်းဖူးဝတ်မှုံက ဘာဖြစ်လို့ အဲ့လိုကောင်ကို ရယ်ပြနေရတာလဲ…. ကျွန်တော် မကျေမနပ်ဖြစ်မိသည် ၊ အထူးသဖြင့် ကျွန်တော် အလုပ်ရပ်နားခံလိုက်ရတာ အဲ့ကောင်ကြောင့်ဆိုတာ သူမ သိလျက်နှင့် အခုလို စကားပြောနေသည်တဲ့လား….။

ကျွန်တော် Finance ဌာနကနေ ပြန်လာတော့ မျက်နှာမကောင်းသဖြင့် ဇော်မျိုးနိုင်နှင့် သီရိက ဘာမှမပြောပဲ လုပ်စရာရှိသည့် အလုပ်များကိုသာ ကျိတ်လုပ်နေကြသည်၊ ကျွန်တော် ဒေါသထွက်လေလေ အလုပ်ကို ပိုဖိလုပ်လေနှင့် ညနေတောင် ဘယ်လိုစောင်းမှန်းမသိ စောင်းသွားလေသည်။ HR ဌာနကလူတွေ တစ်ယောက်ပြီးတစ်ယောက် ရုံးဆင်းသွားပြီး နောက်ဆုံး ကျွန်တော်တစ်ယောက်ထည်း ကျန်ရစ်ခဲ့လေသည်၊ ၆ နာရီခွဲ အရောက်တွင်တော့ အလုပ်မပြီးသေးသော်လည်း ဗိုက်ဆာလာသဖြင့် လုပ်လက်စ စာရင်းကို သိမ်းဆည်းပြီး ရုံးဆင်းခဲ့လေတော့သည်။

တိုက်ခန်းကိုပြန်ရောက်တော့ သောကြာနေ့ည ဖြစ်သဖြင့် ယုပွင့်က ဟိန်းထက်နှင့်တွေ့ရန် ရောက်ရှိနေလေသည်၊ ကျွန်တော် ဝင်လာတာတွေ့တော့ ယုပွင့်က…..

“ရဲမာန်.. ပြန်လာပြီလား ၊ ညနေစာ စားပြီးပြီလား၊ ငါခေါက်ဆွဲပြုတ်နေတာ နင်စားဦးမလား”

ဟု မေးတော့ ကျွန်တော်က

“အေး ငါ့ဖို့ပါ တစ်ထုပ်လောက် ပိုပြုတ်လိုက် ၊ ငါဗိုက်ဆာနေပြီ…၊ ဟိန်းထက်ရော”

“သူ စောနကမှ ပြန်ရောက်ပြီး ရေချိုးနေတယ်”

“‌ဪအေး… အဲ့တာဆို ငါစားပြီးမှ ရေချိုးတော့မယ်”

ဟိန်းထက်ရေချိုးပြီးတော့ သူငယ်ချင်းသုံးယောက် ခေါက်ဆွဲပြုတ်နှင့် ထမင်းကို အတူစားကြသည် ၊ ခေါက်ဆွဲပြုတ်စားနေရင်း ဟိန်းထက်က

“ရဲမာန်.. မင်းဒီနေ့ အလုပ်ပြန်သွားတာလား…. မနက်က ငါ့ကိုတောင် ပြောမသွားဘူး”

“အေး… ငါအဝတ်လျှော်နေတုံး မန်နေဂျာက ဖုန်းဆက်လို့ သွားလိုက်ရတာ”

“အဲ့တော့…..”

“အင်း ငါတို့ဌာနကတစ်ယောက် ခိုးကြည့်တာပဲ၊ အဲ့ကောင်မလေးကိုတော့ အလုပ်ထုတ်လိုက်ပြီ”

“အလုပ်ပြန်ရပြီပေါ့….. မင်း ငါတို့ကုမ္ပဏီ ရောက်လာမယ်ထင်ပြီး ငါက ပျော်နေတာ”

“မင်းကံကောင်းသွားတယ်ပဲ မှတ်ပါ… ငါမင်းတို့ ကုမ္ပဏီရဲ့ HR ဌာနကိုလာရင်တော့ မလွယ်ဘူးမှတ်”

“အေးပါကွာ…..ဟဲဟဲ”

ယုပွင့်ထက်ခိုင်က ထမင်းကုန်သွားသော ကျွန်တော့်ပန်းကန်ထဲ ထမင်းထပ်ခူးပေးရင်း

“အဲ့တာဆို နင်ပြန်လာတော့ ရုပ်က ဘာဖြစ်လို့ အီးမှန်တဲ့ပုံ ပေါက်နေတာလဲ”

“ဟင်း…. ဘယ်လိုပြောရမလဲ ၊ ရုံးမှာ စိတ်ရှုပ်စရာ တွေ့ခဲ့လို့ပါ”

“အင်း…..ဘယ်လိုလဲ…ပြောပြလေ”

“ဒီလိုရှိတယ် ယုပွင့်ရ ၊ ငါ ဟိုတစ်ခါက နင့်ကိုပြောဖူးတဲ့ ကောင်မလေးလေ”

“ဪ…. နင်စိတ်ဝင်စားနေတယ်ဆိုတဲ့ တစ်ယောက်လား”

“အေး…ဟုတ်တယ်”

“အဲ့တာ….. ဘာဖြစ်လို့လဲ ပြောလေ”

ဟု ယုပွင့်က မေးတော့ ဟိန်းထက်က ကြားဖြတ်ပြီး….

“ဟေ့…ဟေ့ ခဏနေပါဦး ၊ ရဲမာန် မင်းကြိုက်တဲ့ကောင်မလေး ရှိနေတာကို ငါက ဘာလို့ မသိရတာလဲ….. ပြီးတော့ ယုပွင့်ကြတော့ သိနေပါရောလား”

“အဲ့တာ မင်းအိပ်ပျော်နေလို့ပါကွာ”

ဟု ကျွန်တော်က ဖြေပေးလိုက်သည် ၊ ဟိန်းထက်က မကျေနပ်ပဲ..

“ဒါပေမယ့် ငါက မင်းဘော်ဒါအရင်းကြီးလေ… အဲ့တာ….. မင်းငါ့ကို အရင်ပြောပြသင့်…”

“အဲ….ကိုကလည်း တော်တော့၊ အဲ့တာ နောက်မှဖြေရှင်းတော့.. အခု ရဲမာန်ပြောပါစေ”

ဟု ယုပွင့်က စကားပိတ်ပေးလိုက်သည် ၊ ကျွန်တော်က ဆက်လက်၍

“အဲ့တုံးက ငါမသေချာသေးလို့ မပြောဖြစ်သေးတာပါကွာ ဟိန်းထက်ရ”

“ဪ…အေး”

“ငါဆက်ပြောမယ် ၊ ငါ ဒီနေ့ အဲ့ကောင်မလေးကို တစ်ခြားတစ်ကောင်နဲ့ အတူတွေ့လိုက်ရတော့ ဘယ်လိုပြောရမလဲ”

“ အူတိုတာလား….”

“အင်း အဲ့လိုမျိုးပေါ့….. ငါဘယ်လိုဆက်လုပ်ရင် ကောင်းမလဲ မသိဘူး”

“နင်ကြိုက်နေတဲ့ ကောင်မလေးက တစ်ခြားတစ်ယောက်နဲ့ ရည်းစားဖြစ်သွားပြီလား”

ဟု ယုပွင့်က ထပ်မေးလေသည်…။

“အဲ့လိုတော့ မဟုတ်လောက်သေးဘူး ၊ အီစီကလီလောက်ပဲ ထင်တာပဲ”

“အဲ့တာဆို ဘာလို့ အီးမှန်တဲ့မျက်နှာကြီးနဲ့ ထိုင်နေတာလဲ… ဖွင့်ပြောလိုက်တော့ပေါ့… နင်ယောကျာ်းလေးပဲဟာ…. ချစ်ရင်ချစ်တယ်ပေါ့ဟာ ”

“ယုပွင့်ပြောတာကို ငါထောက်ခံတယ် သားကြီး ၊ လှုပ်ရှားလိုက်တော့… ဆယ်တန်းတုံးက ဆရာကျော်ပြောသလို လှုပ်ရှားမှ မုန်းစားရမယ်”

ဟု ဟိန်းထက်က ဝင်ပြီး ထောက်ခံလိုက်သည်။ သူငယ်ချင်းနှစ်ဦး၏ တွန်းအားပေးမှုကြောင့် တွေဝေခြင်းများကို အဆုံးသတ်လိုက်ပြီး အစောကတည်းက ကျွန်တော့်ရင်ထဲတွင် ကိန်းအောင်းနေသည့် ဆန္ဒတစ်ခုကို သိရှိသွားလေပြီ၊ ထို့နောက် ချက်ချင်း ဖုန်းကိုဖွင့်ပြီး ကားဂိတ်တစ်ခု၏ ဖုန်းနံပါတ်ကိုရှာကာ ဆက်သွယ်လိုက်လေသည်…။

“ဟယ်လို…. **** ကားဂိတ်ကလား မသိဘူးဗျ ၊ မနက်ဖြန်မနက်စောစော မင်းဘူးမြို့ကိုသွားမယ့် လက်မှတ် ဖြတ်ချင်လို့ပါ ”

“အစ်ကိုလေး… မင်းဘူးကားတွေက မနက်ဖြန်ညကားလောက်မှ ရတော့မယ်ဗျ”

“အဲ့တာဆို မကွေးကားရော.. ဘယ်အချိန်တွေရှိလဲ ၊ ဒီနေ့ညထွက်မယ့် ကားရောရှိလား”

“မကွေးကားက…… ခဏနော်… အစ်ကိုလေး…..၊ အင်း ဒီနေ့ည ၈ နာရီခွဲ ကားကတော့ နှစ်နေရာလောက် ကျန်သေးတယ်….. ဘယ်နှစ်ယောက်စာလဲ အစ်ကိုလေး”

“အဲ့တာဆို ဒီနေ့ညကားအတွက် ထိုင်ခုံတစ်နေရာစာ ယူမယ်ဗျာ”

“ဟုတ်…အဲ့တာဆို နာမည်ဘယ်လို….”

“ရဲမာန်”

“ဟုတ်ကဲ့…ကားဂိတ်ကို ၈ နာရီခွဲလောက် အရောက်လာပေးပါနော် အစ်ကိုလေး”

“ဟုတ်ကဲ့…ဟုတ်ကဲ့”

ကျွန်တော် ဖုန်းထဆက်ပြီး မကွေးမြို့သွားမည့် ကားလက်မှတ် ဖြတ်နေသည်ကို ဟိန်းထက်နှင့် ယုပွင့်က ကြောင်တောင်တောင် ကြည့်နေကြသည် ၊ ဟိန်းထက်က

“မင်းကြိုက်တဲ့ ကောင်မလေးက မကွေးမြို့ကလား”

“မဟုတ်ဘူး…. ငါ ရွှေစက်တော်သွားမလို့”

“အမ်…. ပွဲဈေးတန်းမှာ အလုပ်လုပ်တာလား”

“မဟုတ်ဘူး ဟိန်းထက်….. ငါကြိုက်တဲ့ကောင်မလေးက အခုဆိုရင် မန်းရွှေစက်တော်သွားမယ့် ကားပေါ် ရောက်နေလောက်ပြီ ၊ ငါ သူ့နောက်ကို လိုက်သွားတော့မလို့”

——————————–

🧡အခန်း ( ၁၁ ) ကျူးလစ်ပန်းလေး🧡

“ရဲမာန်… နင်က လုပ်မယ့်လုပ်တော့လည်း ချက်ချင်းပါလား”

ဟု ယုပွင့်က ပြောလေသည် ၊ ဟိန်းထက်က…

“အဲ့ကောင်က အဲ့လိုပဲ…. အူကြောင်ကြောင်လုပ်ပြီးရင် ပြန်ကောင်းသွားတာ ၊ အိပ်နေတဲ့ နဂါးကြီး ပြန်နိုးလာပြီပေါ့”

ဟု ကျွန်တော့်ကို ပြောလိုက်သည်…။ ကျွန်တော်က

“ယုပွင့်… ငါ အချိန်မရှိတော့လို့ ပန်းကန် ဒီအတိုင်းထားခဲ့တော့မယ်နော် ၊ ကားကြီးကွင်းကို ၈ နာရီ အရောက် သွားရမှာဆိုတော့”

“အေးပါ…. ငါဆေးထားလိုက်ပါ့မယ် ၊ နင်လုပ်စရာရှိတာလုပ်”

ကျွန်တော်လည်း စားလက်စထမင်းကို ခေါက်ဆွဲအရည်ဆမ်းကာ အတင်းသွတ်ထည့်ပြီး အခန်းထဲသို့ဝင်ကာ လွယ်အိတ်ထဲသို့ အဝတ်အစားအချို့နှင့် တကိုယ်ရေသုံး ပစ္စည်းအချို့ကို ကောက်ထည့်လိုက်သည်၊ အခန်းထဲက ပြန်ထွက်လာတော့ မနက်က လျှော်လက်စ အဝတ်တွေကို သတိရမိသွားသည်….၊ ကျွန်တော်က ဟိန်းထက်အား…

“ဟိန်းထက်… မင်းအဝတ်လျှော်ရင် ငါ့အဝတ်နည်းနည်းလေး ကျန်တာပါ လျှော်ပေးထားဦး”

“ဟုတ်ကဲ့ပါ သခင်လေး….. ငါနဲ့ယုပွင့်က မသိရင် မင်းရဲ့အိမ်ဖော်လင်မယားကြနေတာပဲ”

“အကူအညီတောင်းတာပါကွာ….. အပြန် မုန့်ဝယ်ခဲ့မယ် ၊ ဘာမှာကြဦးမလဲ”

“နှမ်းယို… အချပ်လေးတွေ နှမ်းအနက်ရောင်နဲ့ဟာနော် ၊ နှစ်ထုပ်လောက် ဝယ်ခဲ့ပေး”

“အေးအေး… ငါသွားပြီနော် ၊ နှစ်ယောက်လုံး အပြန်မှတွေ့မယ်”

“Good Luck သားကြီး”

“အေး….ဒါပဲ ၊ အပြင်သွားရင် အိမ်သော့ကို သေချာခတ်ခဲ့နော်”

“ဟုတ်ပါပြီ ရဲမာန်ရယ်…. ယုပွင့်လည်း ကြည့်ပေးထားပါ့မယ် ဟုတ်ပြီလား ၊ သွားစရာရှိတာ သွားတော့”

“အင်း..အင်း”

သူငယ်ချင်းနှစ်ယောက်ကို နှုတ်ဆက်ပြီး နေထိုင်တဲ့ ရပ်ကွက်ထဲကနေ လမ်းမပေါ်သို့ တက်ခဲ့သည် ၊ ပိုက်ဆံမလောက်မည်စိုး၍ ATM စက်ထဲကနေ နည်းနည်းထပ်ထုတ်လိုက်သည်၊ ပြီးမှ Taxi ငှားပြီး ကားကြီးကွင်းကို အမြန်မောင်းခိုင်းလိုက်လေသည်။

ကျွန်တော် တစ်ယောက်တည်း အလောတကြီး ဟိုကူးဒီကူး သွားပြီးသကာလ နောက်ဆုံးတော့ မကွေးမြို့ကိုသွားမည့် ကားပေါ်သို့ ရောက်ရှိခဲ့လေပြီ ၊ ကားပေါ်ရောက်မှသာ သက်ပြင်းချနိုင်လေတော့သည်…..၊ ကားကလည်း ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်မို့လို့လားမသိ….. လူအပြည့် တင်ထားလေသည်၊ ရန်ကုန်ကနေ ကားစထွက်တော့ လွယ်အိတ်ထဲ ယူလာတဲ့ ပစ္စည်းတွေ စုံမစုံ ပြန်စစ်ပြီး စိတ်ကိုလျှော့ကာ မှိန်းပြီးလိုက်လာခဲ့လေသည်။

အခုတလော အိမ်မက်ဆိုးတွေကြောင့် အိပ်ရေးပျက်တာများလို့လား.. ဒါမှမဟုတ် တစ်နေကုန် ပင်ပန်းထားလို့လားမသိ ၊ ဖြတ်ကနည်း အိပ်ပျော်သွားပြီး ပြန်နိုးလာတော့ ကားရပ်နားစခန်းသို့ ရောက်ရှိနေလေပြီ…၊ ခရီးသည်အကုန် အောက်ဆင်းရမည်ဖြစ်၍ မှိန်းချင်သော်ငြားလည်း အိပ်ချင်မူးတူးဖြင့် ကားအောက်ကိုဆင်းကာ အပေါ့သွားပြီး ကားပြန်အဖွင့်ကို စောင့်ဆိုင်းနေလိုက်သည်။

ကားရပ်နားစခန်းက ပြန်ထွက်လာတော့ တော်တော်နှင့် ပြန်အိပ်မပျော်….. နိုးတစ်ဝက် အိပ်တစ်ဝက်ဖြင့် မိုးသောက်ခါနီးတော့ မကွေးမြို့သို့ ရောက်ရှိခဲ့လေသည်၊ ထို့နောက် ကားကြီးကွင်းထဲက အများသုံးအိမ်သာတွင် မျက်နှာသစ် သွားတိုက်ပြီး လမ်းဘေးထမင်းဆိုင်တွင် မနက်စာကို ဗိုက်အပြည့် စားလိုက်သည်…။

မန်းရွှေစက်တော်ဘုရားပွဲ ရာသီချိန်ဖြစ်၍ ပွဲကိုသွားမည့် ဟိုင်းလတ်ကားလေးတွေကို တွေ့တော့ ကျွန်တော်လိုက်၍ စီးလေသည်။ အခြေခံလူတန်းစားများ စီးကြသောကား ဖြစ်သဖြင့် အမေအိုကြီးများ… ကလေးပေါက်စနများနှင့် ကားတစ်စီးလုံး ကျပ်ညပ်သပ်နေသည်၊ ကျွန်တော်က ကားနောက်ဖက်က ယောကျာ်းလေးများ မတ်တပ်ရပ်စီးကြသည့် နေရာတွင် တန်းတစ်ခုကိုကိုင်ကာ မတ်တပ်ရပ်ပြီး လိုက်လာခဲ့သည်…..၊ မကွေးကနေ မင်းဘူး…. ထို့နောက် ရွှေစက်တော်ဖက်သို့ သွားကြသည် ၊ လမ်းတစ်လျှောက်တွင် ဖုန်တွေအလိမ့်လိမ့်နှင့် ချိုက်များ အခွက်များကို ဂလုတ်ဂလုတ်နှင့် ကျော်လွား စီးနှင်းပြီးနောက် နေ့ခင်း ၁၁ နာရီခန့်တွင် မန်းရွှေစက်တော်ပွဲတော်သို့ ရောက်ရှိခဲ့လေသည်။

ဘုရားပွဲသို့ ရောက်ရောက်ချင်း ကျွန်တော်နှင့်ခင်သည့် Finance ဌာနက Casher အစ်ကိုကြီးကို ဖုန်းဆက်လိုက်သည်..။

“တီ……. ဟယ်လို ညီလေး ရဲမာန်ပြော”

“ဟုတ် အစ်ကို…. အစ်ကိုတို့ အခု ဘယ်နားမှာလဲဗျ”

“ဟေ… ငါက ရန်ကုန်မှာ မဟုတ်ဘူးဟ ၊ ရွှေစက်တော် ရောက်နေတာ ”

“ကျွန်တော်ပြောတာ လောကြီးသွားလို့ အစ်ကိုရေ၊ ကျွန်တော်လည်း ရွှေစက်တော် ရောက်နေတာ”

“ဪ…အေး ဘယ်လိုရောက်လာတာလဲကွ ၊ သူငယ်ချင်းတွေနဲ့လား”

“မဟုတ်ဘူး… ကျွန်တော်တစ်ယောက်တည်း”

“အဲ့တာများ ငါတို့နဲ့ လိုက်ခဲ့တာ မဟုတ်ဘူး ၊ ငါတို့က အခု တည်းခိုခန်းမှာပဲ ရှိသေးတယ်…၊ မနက်လင်းအားကြီးတုံးကမှ ရောက်လာတာ၊ အကုန်အိပ်နေကြတာ၊ အခုမှနိုးလို့ လျှောက်လည် ကြမလို့”

“ဟုတ်…. တည်းခိုခန်းနာမည်က ဘာတဲ့လဲဗျ”

“မန်းသူလေး တဲ့ ၊ မန်းချောင်း အပေါ်ဖက်နားလောက်မှာ”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

Casher အစ်ကိုကြီးပြောသည့်အတိုင်း ဟိုမေးဒီမေးနှင့် စုံစမ်းရင်း ထိုတည်းခိုခန်းကို လိုက်ရှာ လေသည်၊ တစ်နေရာရောက်တော့ “မန်းသူလေး” နာမည်နှင့် တည်းခိုခန်းရှေ့တွင် Finance ဌာန၏ ဝန်ထမ်းများကို တွေ့လိုက်ရသဖြင့် သူတို့ထံ ပြေးသွားလိုက်သည် ၊ Finance မန်နေဂျာ မမက…..

“ဟဲ့ မောင်လေး… ရဲမာန် ၊ နင်ဒီကို ဘယ်လိုရောက်လာတာလဲ”

“ဟောဟဲ…. ဒီလိုပဲ အစ်မ ”

“တည်းဖို့နေရာရော ငှားပြီးပြီလား…. ဒီမှာ တစ်ခန်းကျန်သေးတယ် ငှားလိုက်ရမလား”

“ဟုတ်ကဲ့…ငှား…ငှားလိုက်ပါ”

ကျွန်တော့်မျက်စိက Finance အဖွဲ့ထဲတွင် နန်းဖူးဝတ်မှုံအား ကျီးကန်းတောင်းမှောက် လိုက်ရှာ ကြည့်သည် ၊ သူမကို မတွေ့တော့….

“ဟို…နန်းဖူးဝတ်မှုံကော အစ်မ”

ဟု ပေါ်တင်မေးလိုက်သည် ၊ သူတို့ထဲက တစ်ယောက်က

“နန်းဖူးဝတ်မှုံက အခန်းထဲ ပစ္စည်းတစ်ခုကျန်ခဲ့လို့ ပြန်သွားယူနေတယ် မောင်လေး ၊ ဘာပြောစရာရှိလို့လဲ”

“အင်း…အင်း…အစ်မ ခဏနော်”

သူတို့အဖွဲ့၏ တစ်ယောက်တစ်ပေါက် မေးခွန်းများကို ပြန်မဖြေနိုင်သေး….၊ နန်းဖူးဝတ်မှုံ ယာယီတဲများရှိသည့် လမ်းကြားထဲက ထွက်လာတာတွေ့တော့ သူမထံ ပြေးသွားလိုက်သည်။

“ဟင်…. ကိုရဲမာန်ကြီးပါလား ၊ ဘယ်လိုရောက်လာတာလဲ”

“ညီမနဲ့ လာတွေ့တာရယ်”

“ခစ်ခစ်.. ညီမကို သတိရလို့လား”

“အင်း….. ဟုတ်တယ်”

“ အဲ…. ဗြောင်ကြီးပါလားတော့”

“အစ်ကို ညီမကို အရေးတကြီး ပြောစရာရှိလို့ ရန်ကုန်ကနေ လိုက်လာခဲ့တာ”

နန်းဖူးဝတ်မှုံလေးရဲ့ မျက်နှာက တည်သွားပြီး ကျွန်တော့်အား

“အဲ့တာဆို အစ်ကို ခဏစောင့်ဦး ၊ ညီမအဖွဲ့ကို အရင်စကားသွားပြောလိုက်ဦးမယ်.. အစ်ကို့ဖို့ အခန်းငှားထားလိုက်လေ”

“အင်း အင်း သွားပြောလေ ၊ ညီမတို့မန်နေဂျာက တစ်ခန်းငှားပေးမယ် ပြောတယ်”

“ဟုတ်… အဲ့တာဆို ခဏနော်”

နန်းဖူးဝတ်မှုံက သူမ၏ Finance က အဖွဲ့သားများဆီသို့သွားပြီး တစ်ခုခုပြောနေသည် ၊ ကျွန်တော်က ဧည့်ကြိုကောင်တာကနေ ယာယီတဲလေးတစ်ခန်း ငှားလိုက်သည်၊ ပိုက်ဆံရှင်းပြီး အခန်းသော့လေး ယူလိုက်သည့်အချိန်မှာပင် နန်းဖူးဝတ်မှုံက ကျွန်တော့်နားသို့ ပြန်လည်ရောက်ရှိလာသည်။

“ကိုရဲမာန်… အခန်းငှားပြီးပြီလား ၊ အထုပ်တွေ အရင်ချလိုက်ပါဦး”

“ညီမကရော…”

“ကျန်တဲ့လူတွေက အောက်စက်တော်ရာကို အရင်သွားဖူးကြမလို့တဲ့ ၊ ပြီးမှ နေ့လည်စာ စားကြမှာ…. ညီမက အခု နေခဲ့လိုက်တယ်လေ ၊ အစ်ကိုပဲ ပြောစရာရှိတယ်ဆို”

“အင်း…. ကောင်းတယ် အဖွဲ့ထဲ မြတ်မင်းသန့် မပါလာဘူးမလား”

လို့ ကျွန်တော်က စိတ်မထိန်းနိုင်ပဲ တိုက်ရိုက်မေးမိလေသည်။ သူမက ကျွန်တော့်ကို အထာပေါက်သွားသည့် အကြည့်နှင့် ကြည့်လိုက်ပြီး…

“သူ မပါလာပါဘူး… အစ်ကို့ကို ဘယ်သူပြောတာလဲ”

“ရုံးကတစ်ယောက်”

“ကဲပါ…. တဲရှေ့ရောက်နေပြီ ၊ အခန်းတံခါးဖွင့်လိုက်ပါဦး… ညီမ ထွက်မပြေးပါဘူး”

“အင်း…”

ကျွန်တော် အခန်းတံခါးဖွင့်ပြီး လွယ်အိတ်ကို အောက်ချလိုက်သည်၊ ယာယီတည်းခိုခန်းလေးတွေက မန်းချောင်းရေကျသည့်အချိန်၌ ဘုရားပွဲရှိသည့်အချိန်မှသာ တည်ဆောက်ထားခြင်း ဖြစ်သဖြင့် ကြမ်းပြင်က ဝါးတန်းပေါ်တွင် ဝါးကပ်များ ခင်းထားခြင်းသာ ဖြစ်လေသည်၊ ထို့ကြောင့် လမ်းလျှောက်လိုက်တိုင်း ဂျွတ်…ဂျွတ်..ဂျွတ်နှင့် အသံမြည်လေသည် ၊ အပေါ်ထပ် အင်္ကျီကို အောက်ကိုချွတ်လိုက်ပြီး အခန်းပေါက်ဝတွင် ရပ်ကြည့်နေသည့် နန်းဖူးဝတ်မှုံ၏ လက်ကိုဆွဲကာ အခန်းထဲသို့ ဆွဲခေါ်လိုက်သည် ၊ ထိုသို့ နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ မတ်တပ်ရပ်နေရင်း နှင့် အကြည့်ချင်းဆုံမိကြသည်၊ စကားပလ္လင်တွေမခံတော့ပဲ ကျွန်တော်က…

“ နန်း….. အစ်ကို ညီမကို အရင်ကတည်းက ဖွင့်ပြောချင်တဲ့စကားရှိတယ်”

“အင်း…..ပြောလေ”

နန်းဖူးဝတ်မှုံမျက်နှာလေးက ကျွန်တော့်ကို ငေးကြည့်နေရင်းကနေ ရှက်သွားပြီး အောက်ကို အသာလေး ငုံ့သွားသည်၊ သူမကိုပြောရမည့် စကားလုံးများအတွက် ရင်ခုန်သံများကြားထဲက အားအင်တစ်ချို့ကို စုဆောင်းလိုက်သည်..၊ သူမလည်း မိန်းကလေးတွေရဲ့ ဆဋ္ဌမအာရုံအရ ကျွန်တော် ဘာပြောမည်ဆိုတာကို သိရှိနေလိမ့်မည်….။

“ချစ်တယ်”

“အင်း”

“ညီမကို အစ်ကိုက မေတ္တာသက်ဝင်နေမိပြီလို့”

“ဟုတ်… ညီမကြားပါတယ် ကိုရဲမာန်ရဲ့”

နန်းဖူးဝတ်မှုံမျက်နှာလေးက စောနတုံးကထက် ပိုမိုနီမြန်းသွားပြီး အသံလေးလည်း တိုးသွားလေသည်၊ ကျွန်တော် လက်ထဲကိုင်ထားသည့် သူမလက်နုနုလေးတွေက ချွေးစေးလေးများ ထွက်လာလေသည်…..၊ သူမ အသံတိတ်သွားသည်…၊ အချိန်အနည်းငယ်ကြာတဲ့အထိ သူမထံမှ စကားသံ ထွက်မလာတော့……

“နန်း…… ညီမဖက်ကရော အစ်ကို့ကို ဘယ်လိုသဘောထားသလဲဟင်”

နန်းဖူးဝတ်မှုံတစ်ယောက် အားစေးကပ်သွားပုံရသည်…..၊ စကားပြန်မပြောသည့်အပြင် ငုံ့ထားသည့်ခေါင်းကို အပေါ်ကို ထပ်မမော့တော့ ၊ ကျွန်တော်ကပဲ ရှေ့ဆက်ပြီး တစ်လှမ်းတိုးလိုက်သည်..။

“ညီမလည်း အစ်ကို့ကို ချစ်တယ်မလား….”

“အင်း….”

နန်းဖူးဝတ်မှုံက ခေါင်းလေးအသာငြိမ့်ပြီး “အင်း” ဟုသာ အဖြေပြန်ပေးလေသည် ၊ ဒီလောက်ဆိုလျင် ကျွန်တော့်အတွက် လုံလောက်ပါပြီ….၊ သူမကို လက်ကနေဆွဲပြီး ရင်ခွင်ထဲ တင်းကြပ်စွာ ပွေ့ဖက်ရင်း…

“ညီမကို သိပ်လွမ်းနေခဲ့တာ…. ရုံးမှာ ကောလဟာလတွေကြားတော့ အစ်ကို့မှာ အရူးတစ်ပိုင်းလိုပဲ”

ဟု ချွဲလိုက်လေသည် ၊ သူမက…

“ကောလဟာလထွက်မှပဲ ဒီအထိလိုက်လာပြီး ရည်းစားစကားပြောဖော် ရတော့တယ် ”

ဟု ပြောလေသည် ၊ ကျွန်တော်က……

“မဟုတ်လည်း အနှေးနဲ့အမြန် ညီမကို ချစ်ခွင့်ပန်မလို့ပါပဲ ၊ တခြားသူလက်ထဲ ပါသွားမှာ အရမ်းကြောက်မိလို့”

“ဟွန့်….. လူကိုဖက်ထားတာ လွှတ်ပါဦး… အသက်ရှူကြပ်လိုက်တာ… ကိုရဲမာန် ရေအရင်ချိုးပါလား…. ဒီအင်္ကျီကြီးက မနေ့ကတည်းက ရုံးမှာဝတ်တဲ့ဟာကြီး မဟုတ်ဘူးလား”

“အင်း… ဆောရီးနော် ၊ ရေချိုးမယ်ဆိုမှ ဆပ်ပြာတွေဘာတွေ ပါမလာဘူး”

“အင်းပါ… ညီမတို့ပါလာတယ်၊ အဝတ်အစားလဲပြီး ချောင်းထဲ ရေအရင်ချိုးလိုက်…. ဆံပင်ကြီးပါ လျှော်လိုက်ဦး”

“အင်း… အင်း…”

“မြန်မြန်လုပ်.. ညီမဗိုက်ဆာနေပြီ”

ထို့နောက် ရေလဲဘောင်းဘီတိုကို ဝတ်လိုက်ပြီး မန်းချောင်းထဲသို့ဆင်းကာ ရေချိုးပြီး ဆံပင်ပါ လျှော်လိုက်လေသည်၊ နန်းဖူးဝတ်မှုံကတော့ တံတားလေးပေါ်ကနေ စောင့်နေရှာသည်…..၊ ရေချိုးပြီးတော့ သင့်လျော်မည့် ဘောင်းဘီတိုနှင့် ရှပ်အင်္ကျီကို ဝတ်ဆင်လိုက်သည် ၊ ရေချိုးတော့မှပဲ တကိုယ်လုံးပေါ့ပါးပြီး နေလို့ထိုင်လို့ ကောင်းသွားသည် ၊ စိတ်ရောကိုယ်ပါ လွတ်လပ်ပေါ့ပါးနေသလိုမျိုး ခံစားရလေသည်…၊ နန်းဖူးဝတ်မှုံက ကျွန်တော့်ခေါင်းပေါ်က ဆံပင်ရှည်တွေကို တဘတ်နှင့် ကူသုတ်ပေးလေသည်…၊ အကုန်ပြင်ဆင်ပြီးတော့ သူမက

“ကိုရဲမာန်….. မြန်မြန်သွားရအောင် ၊ ညီမဗိုက်ဆာနေပြီ”

“အင်း….အစ်ကိုလည်း ဆာနေပြီရယ်”

“ဟုတ်… ညီမတို့အဖွဲ့တွေ ဘယ်မှာစားကြမှာလဲ မသိဘူး ၊ ဖုန်းဆက်ကြည့်လိုက်ဦးမယ်”

“အင်း…ဆက်ကြည့်လိုက်လေ”

သူတို့လည်း အခုမှ ထမင်းဆိုင်ရောက်ကြတာတဲ့ နှစ်ယောက်စာ ပိုမှာခိုင်းထားလိုက်တယ် ၊ လာ သွားကြရအောင်”

“အင်း…. ဘယ်ဆိုင်လဲ သိလို့လား”

“မနက်တုံးက ညီမတို့စားတဲ့ ဆိုင်ပဲ”

နန်းဖူးဝတ်မှုံက ကျွန်တော့်လက်ကိုတွဲပြီး ထမင်းဆိုင်သို့ အတူသွားကြလေသည်၊ ဆိုင်ထဲလည်း ရောက်ရော ကျွန်တော်တို့ အတွဲကိုမြင်တော့ Finance မန်နေဂျာမမက..

“ဒီရွှေစွန်ညိုကြီး ဘာလို့ဝဲလာပါလိမ့်လို့ တွေးနေတာ ၊ လက်စသတ်တော့ ငါတို့ Finance က မထွေးလေးကို လာသုတ်တာကိုး”

ဟု ကျွန်တော့်ကို ပြောလေသည်….။

“ ကဲ ထိုင်ကြလေ ၊ မောင်လေးရဲမာန်ရော နေ့လည်စာ မစားရသေးဘူးမလား”

“ဟုတ်ကဲ့အစ်မ… မနက်စာပဲ စားထားရသေးတာ”

“နန်းဖူးဝတ်မှုံ….. ညည်းလည်း ငါတို့ကို လျှိုထားတယ်နော်”

ဟု အစ်မတစ်ယောက်က စလိုက်လေသည်၊ နန်းဖူးဝတ်မှုံက……

“ညီမတို့က ဒီနေ့မှ ရည်းစားဖြစ်လို့ပါ… မဟုတ်ရင် ပြောပြပါတယ်”

ဟု ပြန်ပြောလိုက်လေသည်။

“ဝူး….” (တစ်ဖွဲ့လုံးဝိုင်းပြီး အော်သံ)

ကျွန်တော်နှင့်သိသော Finance က အစ်ကိုကြီးက…

‘HR က အစ်ကိုကြီးကတော့ ဝိုက်တာရှယ်မြန်သကိုး…. မျက်လှည့်ပြလိုက်သလိုပါပဲလား ၊ ဒါတောင် အလုပ်နှစ်ပတ်နားထားရလို့…. မဟုတ်ရင် တို့ထွေးညိုလေး အရင်ကတည်းက ပါသွား လောက်ပြီ”

“အင်း… အဲ့လိုလည်း မဟုတ်ပါဘူးဗျာ….. ဟဲဟဲ”

Finance တစ်ဌာနလုံးက ဝိုင်းစကြသော်လည်း နန်းဖူးဝတ်မှုံက မျက်စိမျက်နှာပင် မပျက် ၊ ကျွန်တော်ကတော့ လက်ကို ပေါင်ကြားထဲညှပ်ရင်း ယောကျာ်းတန်မဲ့ ရှက်နေရသည်..၊ သူမကတော့ ရည်းစားစကား အပြောခံရတုံးကသာ ရှက်နေတာ ၊ အခုကြတော့လည်း သူမဟုတ်သလိုပါပဲလား..။

တစ်ဖွဲ့လုံး နေ့လည်စာစားပြီးတော့ အထက်စက်တော်ရာရှိသည့် တောင်ပေါ်သို့ တက်ကြလေသည်…၊ ကျွန်တော်ကတော့ ရည်းစားအသစ်စက်စက်လေး ဘေးနားကနေ မခွာပဲ ကပ်လိုက်လာသည်….၊ ဘုရားပေါ်ရောက်သွားတော့ ကျွန်တော်က…

“နန်းလေး….မောနေပြီလား”

ဟု မေးလိုက်သည်၊ သူမက

“မမောပါဘူးရှင့် ဒီလောက်အတက်လေးကို….၊ ကျိုက်ထီးရိုးတောင်ပေါ် တက်ရတာလည်း မဟုတ်ပဲနဲ့”

“အင်း….မေးကြည့်တာပါ”

“လာ…. ကိုရဲမာန် ဘုရားအရင်ဝတ်ပြုရအောင် ၊ ပြီးမှ ဓာတ်ပုံရိုက်ကြမယ်”

“အင်းအင်း”

“သွား…….. ယောကျာ်းလေးက အရှေ့မှာသွားဝတ်ပြု”

ကျွန်တော်တို့ နှစ်ယောက်လုံး ဘုရားဝတ်ပြုပြီးတော့ ရှူခင်းများနှင့်တွဲပြီး ဓာတ်ပုံရိုက်ကြလေသည်၊ သူမကိုလည်း ဓာတ်ပုံရိုက်ပေးရသည်….၊ တစ်နေရာတွင် ရိုက်ပြီးလျင် ကလေးမက သူ့ပုံလှရဲ့လားဟု ပြန်လာစစ်ဆေးသေးသည်၊ ကျွန်တော်က အသိအစ်ကိုကြီးကို အကူအညီတောင်းပြီး စုံတွဲဓာတ်ပုံရိုက်ခိုင်းတော့ သူမက ရှက်နေသေးသည်၊ ရည်းစားဖြစ်ခါစဆိုတော့ ဘယ်လိုပုံစံရိုက်ရမည်မသိ……၊ သူမပုခုံးကို ဖက်လိုက်တော့ သူမက ကျွန်တော့်ခါးကို အသာလေး ပြန်ဖက်လေသည်၊ မွန်းတည့်ချိန်ဖြစ်သဖြင့် နေက မျက်လုံးစူးနေတော့ နှစ်ယောက်လုံး ပြုံးနေကြသော်လည်း မျက်မှောင့်ကြုတ်သည့်ပုံစံ ဖြစ်သွားလေသည် ၊ ဤပုံကား ကျွန်တော်တို့နှစ်ဦး၏ ပထမဆုံး စုံတွဲဓာတ်ပုံ ဖြစ်ခဲ့လေသည်။

တောင်ပေါ်ကနေ ပြန်ဆင်းလာတော့ ခဏနားကြပြီး အဖွဲ့လိုက်ကြီး မန်းချောင်းရေ ထပ်ချိုးကြပြန်သည် ၊ ရွှေစက်တော်ကို လာလည်ကြသည့် ဧည့်သည် ၉၉ ရာခိုင်နှုန်း၏ အကြောင်းပြချက်က မန်းချောင်းရေချိုးချင်၍ ဖြစ်လေသည် ၊ ကျွန်တော်လည်း Finance အဖွဲ့က ယောကျာ်းလေးများနှင့်အတူ ချောင်းရေတိမ်တိမ်ထဲတွင် ဟိုကူးဒီကူး လျှောက်ကူးကြရင်း အနားယူလေသည်။

ညနေစောင်းတော့ အဖွဲ့လိုက်ကြီး ပွဲဈေးတန်းထဲ လျှောက်လည်ကြလေသည် ၊ နန်းဖူးဝတ်မှုံက ကျွန်တော်နှင့် ရည်းစားဖြစ်သွားသည်ကို အသားကျသွားပုံပေါ်သည်၊ ကျွန်တော့်လက်မောင်းကို တွဲထားပြီး စကားလေးတွေ တီတီတာတာပြောပြီး လိုက်လာသည် ၊ တစ်နေရာတွင် သူမက မြေပဲပြုတ်ရောင်းသည့် ဈေးသည်ကို တွေ့တော့….

“ကိုရဲမာန်….. ညီမကို မြေပဲပြုတ် ဝယ်ကျွေး”

ဟု ပါးလေးဖောင်းပြီးပြောကာ ပူဆာလေသည်။

“အင်း….. ကိုလည်းစားချင်တယ် ၊ အဒေါ်ကြီး ဘယ်လိုရောင်းလဲဗျ”

“နို့ဆီဗူး တစ်ဗူးကို….###ရာ”

“သုံးဗူးလောက်”

“အေး…..ရမယ်..ရော့ ၊ ကျေးဇူးပါ”

“ဟုတ်ကဲ့ပါ”

မြေပဲပြုတ်ဝယ်ပြီးတော့ ကျွန်တော်က သူမအား….

“ညီမကလည်း ချစ်သူတွေဖြစ်နေပြီကို… ကိုရဲမာန်…. ကိုရဲမာန်နဲ့ပဲ ခေါ်နေတာ ပြောင်းမခေါ်တော့ဘူးလား”

ဟု ပြောလေသည် ၊ သူမက

“အဲ့တာဆို ဘယ်လိုခေါ်ရမှာလဲ…. ကို… လို့ခေါ်ရမှာလား ကိုကို… လို့ ခေါ်ရမှာလား”

ဟု ပြန်မေးသည်..။

“အင်း…ကိုလို့ပဲခေါ်ပါ…ဟီးဟီး”

“ကို…..အီး….ရှက်စရာကြီး ၊ အခုတော့ ကိုရဲမာန်လို့ပဲ ခေါ်ဦးမယ်…. ကို… လို့ခေါ်ရမှာ လျှာယားလိုက်တာ.. ဟင့်”

“မရဘူးကွာ…. အခုကစပြီး ကို… လို့ပဲခေါ်တော့”

“မသိဘူးကွာ… ကိုရဲမာန်ကြီးကလည်း ၊ သူကရော ဘယ်လိုခေါ်မှာလဲ”

“နန်းလို့ခေါ်ရမလား.. ညီမလို့ပဲ ခေါ်ရမလား”

“အွင်း… စစချင်း လူကိုခေါ်ရင် နန်းလို့ခေါ်… စကားပြောနေတုံး နာမ်စားအနေနဲ့ဆိုရင်တော့ ညီမလို့ပဲ ပြောပါ ၊ အဲ့လိုလေးတော့ သဘောကျတယ်… ဟီး”

“ဟုတ်ပါပြီ ညီမလေးရယ်”

“ဟုတ်ပါပြီ…ကိုရဲမာန်ရယ်…..ခစ်ခစ်”

“ကို…လို့ပဲ ခေါ်ပါဆိုကွာ”

“ဟင့်အင်း သိဘူး…. ကိုရဲမာန်လို့ပဲခေါ်မှာ.. ခစ်ခစ်ခစ်”

“အဲ့တာဆို မြေပဲပြုတ် မကျွေးတော့ဘူး”

“ကိုရဲမာန်က ကလေးကလားနဲ့”

“သိဘူး….ဟီးဟီး”

“………..”

ညနေခင်းတစ်ပိုင်းလုံးကို ပွဲဈေးခင်းထဲ လျှောက်လည်ကြပြီးတော့ ညစာပါစားခဲ့ကြပြီး တည်းခိုရာနေရာသို့ ပြန်လာခဲ့ကြလေသည် ၊ ကျွန်တော်လည်း ကိုယ့်အခန်းလေးထဲသို့ ပြန်လာပြီး အိပ်ယာပေါ်တွင် လှဲလျောင်းကာ အနားယူလိုက်သည်..၊ နန်းဖူးဝတ်မှုံလေးနှင့် ရည်းစားဖြစ်သွားသည်ကို အခုထိ မယုံနိုင်သေး…..၊ မနေ့တုံးကအထိတောင် ကျွန်တော်က အရှုံးသမားအဖြစ် ရှင်သန်နေရဆဲ…..၊ အခုတော့ အရာရာ ပြောင်းလဲသွားခဲ့ချေပြီ။

ဒီနေ့ညလည်း အတွေးများနှင့် ဝဲလည်ခတ်နေပြီး တော်တော်နှင့် အိပ်မပျော်နိုင်ချေ ၊ တစ်ရေးလောက် မှေးကနည်း ခဏအိပ်ပျော်သွားပြီး ဘေးပတ်ဝန်းကျင်က အသံများကြောင့် နိုးလာလေသည်၊ နာရီကိုကြည့်လိုက်တော့ ည ၁၂ နာရီတောင် ကျော်နေလေပြီ….၊ ပြန်ပြီးအိပ်တော့လည်း အိပ်မပျော်သဖြင့် အပြင်သို့ထွက်ကာ တံတားအစွန်လေးတွင် ခြေဆင်းကာ ထိုင်လိုက်လေသည်။

လပြည့်နေ့ဖြစ်သောကြောင့် လရောင်က မန်းချောင်းရေပေါ်သို့ ဖျာကျနေသဖြင့် ချောင်းရေက ပိုပြီးကြည်လင်ကာ တောက်ပြောင်နေသလိုပင်…..၊ မန်းချောင်းရေကို ဖြတ်သန်းပြီး တိုက်ခတ်လာသော လေနုအေးလေးကလည်း စိတ်နှလုံးကို အေးချမ်းစေသည် ၊ ခရီးသွားဧည့်သည်များရှိသည့် ဝါးတဲလေးအများစုသည် အမှောင်ချပြီး အနားယူကာ အိပ်ပျော်နေကြပြီဖြစ်၍ တိတ်ဆိတ်နေလေပြီ…..။

ကျွန်တော်က တွဲလောင်းကျနေသည့် ခြေထောက်နှစ်ဖက်ကို ချောင်းရေနှင့် ထိတွေ့ရုံမျှသာ အောက်ကိုလျှောချလိုက်သည်…..၊ အေးမြကြည်လင်သော မန်းချောင်းရေက သူ့အပေါ်ကျရောက်လာသည့် ကျွန်တော့်ခြေဖဝါး နှစ်ဖက်ကို ဖြေးညှင်းသော ရေစီးကြောင်းနှင့် ပွတ်တိုက်ကာ နှုတ်ဆက်လေသည်၊ မန်းချောင်းရေ၏ အေးမြသန့်စင်မှုက ကျွန်တော့်ခြေဖဝါးကနေ ခန္တာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး လန်းဆန်းသွားသလို ခံစားရလေသည်။

“ဟိတ်!!!!…ကောင်လေး”

ကျွန်တော့်၏ နောက်ကျောဖက်ကနေ ခြောက်လှန့်သံကြား၍ လှည့်ကြည့်လိုက်ရာ ညအိပ်ဂါဝန်အနီလေး ဝတ်ထားသည့် နန်းဖူးဝတ်မှုံကို တွေ့လိုက်ရသည် ၊ ကျွန်တော်က……

“မကြောက်ပါဘူးနော်…. အဲ့လောက်နဲ့ကတော့”

“မကြောက်လို့သာပဲ….. တကိုယ်လုံး တုန်တက်သွားပြီးတော့”

“အဲ့တာ နည်းနည်းလေး လန့်သွားလို့ပါ”

“ကြောက်တာနဲ့ လန့်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား”

“တူဘူးလေ….ဟဲဟဲ”

နန်းဖူးဝတ်မှုံက ကျွန်တော့်ဘေးနားတွင် လက်ကို အနောက်သို့ထောက်ပြီး ခြေဆင်းကာ ထိုင်ချလိုက်လေသည်…၊ ပြီးတော့ ရေထဲကျနေသည့် ကျွန်တော့်ခြေထောက်ကို ကြည့်ကာ…..

“ကိုရဲမာန်…… ရေက မအေးဘူးလား”

“အင်း…. အေးစိမ့်စိမ့်လေး… ခြေဖဝါးလေးထိရုံပဲဆိုတော့ နေလို့ကောင်းတယ်…. ညီမလည်း လုပ်ကြည့်လေ”

“သူများအရပ်ပုလို့ ခြေတံတိုတာကို နှိမ်တာလား… ဟွင်း”

“ဪ….. မသိလို့ပြောမိတာပါ ၊ ဘွာတေး.. ဘွားတေး..”

“ဘာမသိတာလဲ….. ကိုယ့်ရည်းစားက အရပ်ပုတာတောင် မသိဘူးလား… ဟွန့်”

နန်းဖူးဝတ်မှုံက နှုတ်ခမ်းလေးစူကာ စိတ်ကောက်ချင်ယောင်ဆောင်ပြီး ချစ်စဖွယ် ပြောလေသည်၊ ကျွန်တော်က…..

“နန်းက…. မြတ်မင်းသန့်နဲ့ ခင်တာလား”

ဟု မေးကြည့်လိုက်သည် ၊ သူမက

“အင်း… ဟုတ်တယ်.. ကိုမြတ်မင်းသန့်က တော်တော်ခင်ဖို့ကောင်းတယ်”

ဟု စပ်ဖြီးဖြီးနှင့် ပြောလေသည်၊ သူမစကားကိုကြားပြီး ကျွန်တော် မျက်နှာစူပုတ်သွားသည်ကို မြင်တော့…

“ကိုရဲမာန်ကြီး အူတိုနေပြီ…. ကြည့်.. ကြည့်… ခစ်ခစ်”

ဟု ရယ်လေသည် ၊ ကျွန်တော်က

“ဒါ နောက်စရာ မဟုတ်ဘူးနော် ၊ သူနဲ့က ဘယ်လိုလဲ သေချာပြော..”

“ရုံးမှာဆိုတော့ သူ့ကို ရှောင်နေလို့လည်းမရတော့ ဒီတိုင်း အလိုက်အထိုက် ဆက်ဆံလိုက်တာပါ ၊ ပြီးတော့ သူ့ကို ခင်ချင်ယောင်ဆောင်ပြီး စကားနှိုက်လိုက်တယ်လေ….၊ အဲ့တာကြောင့် HR က မသဲသဲဦး စာရင်းတွေ ခိုးကြည့်တဲ့ကိစ္စကို သိရတာပေါ့လို့”

“အဲ့တာဆို မခိုင်ဇာမြင့်ကို သတင်းပေးတာက ကို့ရဲ့ရည်းစားလေးပေါ့”

“ဟုတ်ပါတယ်ရှင်…… ဒီက စပိုင်မလေးပါ”

“တော်တယ်…..ရော့…အာဘွား”

“ပြွတ်”

“ဟင့်…….. ဘာမှလည်းမဆိုင်ပဲနဲ့ ၊ လူများပါးကို လာနမ်းတယ်”

“ကိုယ့်ရည်းစားရဲ့ပါးကို နမ်းတာပဲဟာ…. မကျေနပ်ရင်လည်း ပြန်နမ်းလေ… ရော့”

“အွင့်…တော်ပါပြီ”

ကျွန်တော်က နန်းဖူးဝတ်မှုံရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ပြီး မကျေနပ်လျင် ပြန်နမ်းဟုဆိုကာ ပါးကိုစောင်းပြီး သူမဖက်သို့ တိုးလိုက်သည် ၊ သူမက ကျွန်တော့်ပါးကို နူးညံ့သည့် လက်ဖဝါးလေးနှင့် ပွတ်သပ်ပေးလေသည်…။

ချစ်သူတို့နှစ်ဦးကြားထဲ ရုတ်တရက် စကားသံများ တိတ်ဆိတ်သွားသည် ၊ ကျွန်တော့်ကို စိုက်ကြည့်နေသည့် သူမရဲ့မျက်လုံးထဲက အကြင်နာ အရိပ်အယောင်များကို အထင်းသား တွေ့ရလေသည် ၊ သူမက အနားသို့ တိုးကပ်လာပြီး ကျွန်တော့်ဘယ်ဖက် လက်မောင်းပေါ်တွင် ခေါင်းလေးကို အသာလေး မှီလိုက်လေသည် ၊ သူမက နူးညံ့ညှင်သာသည့် လေသံလေးနှင့်….

“ကို…”

“အင်း….”

“ကို…. အခုရက်ပိုင်း ပြဿနာတွေ အများကြီး ဖြစ်ထားတာဆိုတော့ စိတ်တွေညစ်နေမှာပေါ့”

“ဟုတ်တယ်… ညဖက်တွေလည်း အိပ်မပျော်ဘူးရယ်”

“အခုလည်း အိပ်မပျော်လို့ ထွက်လာတာလား”

“အခုဟာ ဘေးနားက အခန်းက ဆူနေလို့ပါ”

“ညီမရောပဲ ၊ အိပ်ပျော်မယ်လုပ်လိုက် သူတို့က စကား ပွစိပွစိပြောလိုက်နဲ့ အိပ်မပျော်လို့”

“အင်း…”

“ကို…”

“အင်း… ပြောလေ ညီမ”

“အဖေဆုံးသွားတော့ ဝမ်းနည်းနေမှာပေါ့ ၊ ညီမလည်း စာမေးပွဲတစ်ဖက်နဲ့မို့ အဲ့တလောက… ကို့ကို အားပေးစကားတောင် မပြောလိုက်ရဘူး”

“ကိုလည်း ညီမစာမေးပွဲဖြေနေလို့ ဖုန်းထပ်မဆက်လိုက်တာ”

“အင်း…”

ကျွန်တော့်ပုခုံးပေါ်တွင် ခေါင်းလေးစောင်းကာ မှီနေသည့် နန်းဖူးဝတ်မှုံရဲ့ မျက်နှာလေးကို စောင်းကြည့်လိုက်သည်၊ ငွေစန္ဒာလမင်း၏ အလင်းရောင်အောက်တွင် ကျွန်တော့်ရဲ့ ချစ်သူလေးက ခါတိုင်းထက် ပိုလှနေလေရဲ့၊ သူမရဲ့ကိုယ်သင်းရနံ့လေးကိုရော အသက်ရှူသံ တိုးတိုးလေးကိုပါ နီးကပ်စွာ ခံစားနေရသည် ၊ သူမရဲ့နဖူးပေါ်တွင် ဝဲကျနေသည့် ဆံနွယ်စများကို လက်ချောင်းလေးနှင့် နားရွက်အနောက်သို့ ပင့်တင်ပေးလိုက်ပြီး နဖူးပြင်လေးကို ကြင်နာစွာ နမ်းရှုံ့ပေးလိုက်သည်…။

“မွ……ချစ်တယ်…နန်းရယ်”

“အင်း…..ညီမလည်း ကို့ကို ချစ်ပါတယ်”

ကျွန်တော့်ရဲ့ပုခုံးပေါ် မှီနေသည့် သူမရဲ့ခေါင်းလေးက ပြန်လည်တည့်မတ်သွားသည် ၊ ကျွန်တော်တို့နှစ်ဦး ငါးစက္ကန့်မျှ မျက်လုံးချင်းဆုံမိကြပြီး အချစ်ရဲ့ဆွဲငင်အားတစ်ခုကြောင့် တဖြည်းဖြည်းနှင့် မျက်နှာချင်း နီးစပ်သွားကြလေသည်၊ ကျွန်တော်က သူမရဲ့ နှုတ်ခမ်းပါးလေးကို ဖွဖွလေး နမ်းလိုက်သည်…၊ သူမကလည်း ကျွန်တော့်ရဲ့ အနမ်းများကို တရှိုက်မက်မက် ပြန်လည်တုန့်ပြန်လာလေသည်။

ကျွန်တော်က နန်းဖူးဝတ်မှုံရဲ့ ကိုယ်လုံးလေးကို ကြင်နာစွာ ပွေ့ဖက်ရင်းနှင့် ပေါင်ပေါ်သို့ ပင့်တင်လိုက်သည် ၊ သူမကလည်း ကျွန်တော့်လည်ပင်းကိုခိုပြီး တင်းကြပ်စွာ ဖက်ထားရင်း နှလုံးသားရဲ့ အချစ်စကားများကို နှုတ်ခမ်းပါးလေးကတဆင့် အနမ်းများအသွင်ပြောင်းကာ ပြောပြသည် ၊ သူမရဲ့ အကြင်နာအနမ်းများကြောင့် ကျွန်တော့်ရင်ထဲတွင် တိုက်ခတ်နေသည့် မုန်တိုင်းများက လေပြေလေညှင်းများအဖြစ် ပြောင်းလဲသွားရလေသည်…။

တိမ်ညိုတိမ်မဲတွေ ကင်းစင်နေသည့် မိုးကောင်းကင်ပေါ်တွင် လပြည့်ဝန်းကြီးကတော့ ထွန်းလင်းတောက်ပဆဲ ၊ ဝါးတံတားလေးပေါ်က ချစ်သူနှစ်ဦးကတော့ ကြားလေတိုးမည်စိုး၍ထင့် တစ်ဦးကိုတစ်ဦး တင်းကြပ်စွာ ဖက်ထားရင်း အနမ်းများ ဖလှယ်နေကြသည်၊ လရောင်ကြောင့် သူတို့နှစ်ဦး၏ ပုံရိပ်ယောင်က ကြည်လင်နေသည့် ချောင်းရေပြင်ပေါ်တွင် ထင်ဟပ်နေလေသည်..။

ထိုနေ့ညက ကျွန်တော်တို့ချစ်သူနှစ်ဦး အချိန်အတော်ကြာအောင် အနမ်းတွေ ဖလှယ်ခဲ့ကြသည်ကို တသွင်သွင် စီးဆင်းနေသည့် မန်းချောင်းက အသိဆုံး ဖြစ်ပါလိမ့်မည်။

🎶🎵 ပျက်သုံးပြီး…အပြင်းစားအမောတွေနဲ့ 🎵🎶

🎶🎵 ခံယူထားရင်း… ရှေ့တိုးရ ခက်နေတယ်…… 🎵🎶

🎶🎵 ဘဝကိုအသစ်ပြင်ဆင်ပြီး…. တစ်ခေါက်ပြန် ငါ့ကို နိုးထခွင့်ကိုပေး…🎵🎶

🎶🎵 အလင်းရောင်များကို….ငါ့အပေါ်…ပက်ဖြန်းခဲ့…🎵🎶

🎶🎵 မင်းကြောင့်ပါ …🎵🎶

🎶🎵 အသက်ရှူမှန်ဖို့….အသိရခဲ့တာပါ……🎵🎶

🎶🎵 မင်းကြောင့်ပါ …..🎵🎶

🎶🎵 ငါ့အပူအပင်များ….. တဖြုတ်ဖြုတ်နဲ့…ကြွေကျ ..🎵🎶

🎶🎵 မင်းကြောင့်ပါ ..🎵🎶

🎶🎵 ခြေလှမ်းတွေချီဖို့….အင်အားရှိခဲ့တာပါ . . .🎵🎶

🎶🎵 မင်းကြောင့်ပါ…🎵🎶

🎶🎵 အဓိပ္ပါလ်ရှိသော.ဘဝအသစ် တစ်ခုပြန်စ…🎵🎶

🎶🎵 မင်းကြောင့်ပါ…🎵🎶

🎶🎵 အဆင်မပြေတာတွေ အဖန်တရာတေပြီး… စိတ်ဓာတ်ကျလာတယ်…🎵🎶

🎶🎵 ဒဏ်ရာတွေကို…ခံယူလိုက်ပြီး….အရှုံးပေးမလို့ပါပဲ…🎵🎶

🎶🎵 မင်းကြောင့်ပါ…🎵🎶

🏵️ ကျွန်တော့်ရဲ့ နောက်ဆုံးအချစ် (အပိုင်း ၅) ဇာတ်သိမ်း ဆက်ဖတ်ရန် ဒီကိုနှိပ်ပါ 🏵️