ဒီဇာတ်လမ်းကတော့ ကျွန်တော့်ဂိုက်ဆရာမလေးရဲ့ အဆက်လို့ ပြောလို့ရပါတယ်။ ကျွန်တော့်ဂိုက်ဆရာမလေးကို မဖတ်ဖူးသေးရင် ဒီကိုနှိပ်ပြီး ဖတ်လို့ရပါတယ်။
ကျွန်တော့်ရဲ့ နောက်ဆုံးအချစ် (အပိုင်း ၁)
ရေးသားသူ – ၂၄ မျက်နှာ
🧡အခန်း (၁) နန်းဖူးဝတ်မှုံ🧡
အချိန်: : ရဲမာန် “အောင်ကောင်းထက်” ဘော်ဒါသို့ရောက်ပြီး ဂိုက်ဆရာမလေး မဝသုန်ဖူးနှင့် မတွေ့ခင် တစ်နှစ်ခန့်အလိုက…
တည်နေရာ: : အ.ထ.က(၁) သာစည်မြို့….
ဒီနေ့ဟာ အခါတိုင်းနေ့တွေလိုပဲ ကျောင်းတက်ခေါင်းလောင်းမတီးခင် မနေ့ကပေးတဲ့ အိမ်စာကို သူငယ်ချင်းဆီက ကူးရေးရတဲ့နေ့တစ်နေ့ပင်
“ဒေါင်… ဒေါင်… ဒေါင်”
ကျွန်မရင်ထဲ ထိတ်လန့်သွားသည်….။ သူငယ်ချင်းဆီက အိမ်စာကူးနေသည်မှာ မပြီးသေး နောက်ဆုံးတစ်ပိုဒ် ကျန်နေသေးသည်၊ အလျင်လိုနေသဖြင့် စာအုပ်ချင်းထပ်လိုက်ကာ လက်ရေးဆိုးမည်ကို ဂရုမစိုက်တော့ပဲ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ကူးရေးလိုက်လေသည်၊ တအောင့်အကြာတွင် အတန်းပိုင်ဆရာမက ခြင်းတောင်းဆွဲပြီး အတန်းထဲသို့ ဝင်လာလေသည်…။ အတန်းထဲက ဖော်လံဖားတတ်သော ကောင်မလေးတချို့က ဆရာမခြင်းတောင်းကို ကူဆွဲပေးပြီးမျက်နှာယူကြသည်….။
“မင်္ဂလာပါ…ဆရာမ…” (အားလုံးသံပြိုင်)
“အေးအေး…မင်္ဂလာပါ”
“ ကျေးဇူးတင်ပါတယ်….ဆရာမ” (အားလုံးသံပြိုင်)
“မနေ့ကပေးလိုက်တဲ့ အိမ်စာ ပြီးကြပြီလား”
“ဟုတ်ကဲ့ပါ” (သံပြိုင်မဟုတ်တော့ပဲ ရှေ့ဆုံးတန်းနားတစ်ဝိုက်က အသံများ)
“ကဲ လုပ်ပြီးပြီးမပြီးပြီး အခုစစ်တော့မယ်… စာအုပ်တွေ စားပွဲပေါ်တင်ထား”
ကျွန်မအဖို့ ကံကောင်းသည်ဟု ပြောရမည်၊ ဆရာမကို နှုတ်ဆက်လို့အပြီးတွင်ပင် အိမ်စာကူးလို့ ပြီးသွားလေသည်၊ ထို့ကြောင့် ယုံကြည်မှုရှိစွာဖြင့် စာအုပ်ကို ကိုယ့်အရှေ့က စားပွဲပေါ် တင်ထားလိုက်သည်….။ ဆရာမက တစ်တန်းချင်းတစ်တန်း အိမ်စာပြီးမပြီး စစ်ဆေးလေသည်၊ အိမ်စာမလုပ်ခဲ့တဲ့သူတွေဆို လက်ဖဝါးဖြန့်ခိုင်းပြီး တစ်ချက်ရိုက်လေသည်၊ ဒီလိုနှင့်ပင် စာသင်ရက်တစ်ရက်ကို စကြရလေသည်…။ အတန်းပိုင်ဆရာမက ကျွန်မနားသို့ ရောက်သော်
“နန်းဖူးဝတ်မှုံ… အသေးလေး…. အိမ်စာလုပ်ခဲ့လား”
“ဟုတ်ကဲ့ဆရာမ”
“ပြပါဦး…ဆရာမကို”
“ရွတ်…..ရွပ်…ရွှပ်… ရွှပ်” (စာရွက်လှန်သောအသံ)
“ဟုတ်ပြီ…. အသေးလေး.. လိမ္မာတယ်… ကဲ နောက်တစ်ယောက်”
“ဝူး………” ကျွန်မရင်ထဲက အလုံးကြီးတစ်လုံး အခုမှကျသွားသည်….။ စောနက အေးစက်နေသော လက်ဖျားလေးတွေ ပြန်လည်၍ နွေးထွေးလာသည်..။
ကျွန်မနာမည်က “နန်းဖူးဝတ်မှုံ” ပါ..။ အဖေက ဗမာ၊ အမေက ရှမ်း ဆိုတော့ ရှမ်းဗမာကပြားလေးပေါ့ ..။ အလယ်တန်းရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ (၈) တန်းရောက်ပြီ ဖြစ်သော်လည်း လူကောင်သေးတော့ အတန်းပိုင်ဆရာမရော အတန်းထဲက သူငယ်ချင်းတွေကပါ နာမည်အရင်းအစား “အသေးလေး” လို့ပဲ အလွယ်တကူ ခေါ်ကြတာပေါ့….။ ကျွန်မနာမည်က ရှည်တော့ ခေါ်ရခက်တာလည်း ပါမှာပေါ့…။
ဒီလိုနဲ့ ကျောင်းသားကျောင်းသူတို့ရဲ့ ထုံးစံအတိုင်း အတန်းပိုင်အချိန် (၄၅) မိနစ်ကို လိမ်ဖယ် လိမ်ဖယ်နဲ့ တက်ပြီးသွားတော့ တော်တော်လေး ပျော်သွားကြတယ်..။ အတန်းပိုင်အချိန်က တခြားဆရာတွေအချိန်ထက် ပိုပြီးတင်းကြပ်တာကိုးရှင့်….။ သင်္ချာအချိန်ပြီးတော့ မုန့်စားကျောင်းဆင်းပါလေရောလား….။
အတန်းပိုင် အချိန်ပြီးလို့ ကျွန်မလည်း အတူတူထိုင်တဲ့ သူငယ်ချင်းတွေနဲ့ မုန့်ဈေးတန်းကို မုန့်သွားဝယ်စားကြရော၊ မိန်းကလေးတို့ သဘာဝ သူငယ်ချင်းတွေ တကျိတ်ကျိတ်နဲ့ ဘေးချင်းယှဉ် လမ်းလျှောက်ကြပြီး စကားပြောရင်း မုန့်ဈေးတန်းကို သွားကြတာပေါ့ရှင့်…၊ ထိုအချိန် ကျွန်မခေါင်းကို တစ်ခုခုက လာရိုက်မိသွားတယ်….။
“ဖုန်း”
“အား…. နာတယ်!!!”
ကျွန်မခေါင်းကို ဘော်လုံးမှန်သွားမှန်း သိလိုက်ပြီးတဲ့အချိန်မှာ ခေါင်းက မူးသွားတာနဲ့ ဘယ်သူ တွေ ကန်လိုက်မှန်း ချက်ခြင်းလှည့်မကြည့်နိုင်သေးဘူး၊ ကျွန်မသူငယ်ချင်းတွေထဲက ခပ်စွာစွာ တစ်ယောက်ကတော့ ဘောလုံးကန်တဲ့ ကျောင်းသားတွေကို အော်ပြီး ရန်ရှာနေလေရဲ့…။
“ဆရာမနဲ့ တိုင်ပြောလိုက်ရမလား… မှန်အောင်ကန်ရသလား ”
“မတော်တဆ ထိသွားလို့ပါ…. ဆောတီး… ဆောတီး”
“ရုပ်ကိုက စပ်ဖြီးဖြီးနဲ့..”
“နင်တို့က အုပ်စုလိုက်ကြီး လျှောက်သွားနေကြတော့ ထိမှာပေါ့”
ပြီတီတီရုပ်နှင့် လူများကို ကန်မိတာကို မတောင်းပန်ပဲ စသလိုနောက်သလို လုပ်နေသော ထိုကျောင်းသားကို ကျွန်မ ဒေါသထွက်သွားသည်..။
“ဒီမှာ…. ဘောလုံးကန်ချင်ရင် ကျောင်းအနောက်ဖက်က ဘောလုံးကွင်းထဲ ကန်ပါလား”
ဟု ဒေါသတကြီး ပြောလိုက်သည်…။ ထိုအခါ ပြီတီတီနှင့် တစ်ယောက်က…
“ ဒီကျောင်းကို နင်တို့ပိုင်တာမို့လို့လား အဲ့လိုပြောရအောင်… လူကြည့်တော့ ပိစိလေးနဲ့”
“ဘာ….. နင့်ကို ကျောင်းအုပ်နဲ့ကို တိုင်ပြောအုံးမယ်”
“တိုင်ချင်တိုင် မတိုင်ချင်နေ… ဟေဟေ့”
ထိုအချိန်တွင် နောက်ထပ် အရပ်ရှည်ရှည် အသားညိုညိုနှင့် ကျောင်းသားတစ်ယောက် ရောက်လာပြီး သူ့သူငယ်ချင်းကို နားရင်းရိုက်ကာ…
“ဟေ့ကောင်…. ပြန်တောင်းပန်လိုက်၊ ဟိုတစ်နေ့ကမှ ကျောင်းအုပ်ကြီးရုံးခန်းက ပြန်လာတာ မကြာသေးဖူးမလား”
“ပြောတာပဲ အစ်ကိုရဲမာန်ရဲ့….. သူတို့က စွာနေတာ”
ရဲမာန်ဆိုတဲ့ အစ်ကိုကြီးက ကျွန်မခေါင်းရဲ့ ဘော်လုံးထိသွားတဲ့နေရာကို လက်ဖြင့် ပွတ်သတ် ပေးလိုက်ပြီး….
“ညီမလေး…. တော်တော်နာသွားလား၊ အစ်ကိုပဲ ကြားထဲကနေ တောင်းပန်ပါတယ်”
“အင်း.. ဘာမှမဖြစ်ပါဘူး ရပါတယ်”
“မုန့်စားဆင်းချိန်က ခဏပဲဆိုတော့ ကျောင်းနောက်ထိသွားပြီး မကန်တော့တာ… ဆောရီးပါနော်”
” ဟုတ်…. ရပါတယ် အစ်ကို”
ရဲမာန်ဆိုတဲ့တစ်ယောက်က ကျွန်မကို ပြောပြီးသွားတော့ ပြီတီတီနဲ့ တစ်ယောက်ကို ပုခုံးကဆွဲပြီး ခေါ်သွားလေရဲ့…..။ အား.. ခေါင်းမူးသွားတော့ ဝယ်စားမယ်လို့ စဉ်းစားထားတဲ့ မုန့်တောင် မေ့သွားပြီ၊ ဒါနဲ့ ကျွန်မသူငယ်ချင်းတွေ အသံတိတ်နေပါ့လားလို့ ကြည့်လိုက်တော့ သူတို့က…. အုပ်စုလိုက် ပြုံးစိစိနဲ့ ကျွန်မကို ကြည့်နေကြတယ်…။
“ဟဲ့…. ဘာတွေပြုံးစိစိနဲ့ ကြည့်နေကြတာလဲ”
“အသေးလေးတို့ကတော့ ဟိုတစ်ယောက်နဲ့တုံးကသာ ရန်ထောင်နေတာ၊ ကိုရဲမာန်လည်း ရောက်လာတော့ တန်းငြိမ်သွားတော့တာပဲ”
“ဟိုအရပ်ရှည်ရှည်နဲ့တစ်ယောက် ပြောတာလား…. သူက သေချာတောင်းပန်တာကိုးအေ”
“အယ် ဟုတ်လို့လား” (သူငယ်ချင်းမလေးများ ပြိုင်တူပြောသည်)
“နင်တို့ ဘာတွေဖြစ်နေကြတာလဲ….. အဲ့အစ်ကိုကြီးက ဘယ်သူမို့လို့လဲ”
လို့ ပြန်ပြောလိုက်တော့ ခပ်စွာစွာ သူငယ်ချင်းမလေးက…
“ကိုရဲမာန်က ကိုးတန်းက အစ်ကိုကြီးလေ… စာလည်းတော်တယ်၊ အားကစားလည်း တော်တယ်…၊ ငါတို့ကျောင်းက လက်ရွေးစင် ဘောလုံးသမားလေ၊ အသေးလေး… နင်တကယ်မသိတာလား…၊ ကိုးတန်းအစ်မကြီးတွေ ပြောပြောနေတာ မကြားဖူးဘူးလား”
“မသိပါဘူးး…. အဲ့တော့ ငါက ဘာလုပ်ရမှာလဲ”
“အယ် ..” (သူငယ်ချင်းမလေးများ ပြိုင်တူပြောသည်)
“မစကြနဲ့တော့ဟာ….. ငါစိတ်တိုလာပြီ၊ ဟို ပြီတီတီနဲ့တစ်ယောက်က ဘယ်သူလဲ”
“ရှစ်တန်းကပဲလေ C ခန်းကကောင်”
“အဲ့ကောင်ကို နောက်တစ်ခါ ဒါမျိုးကြုံရင်တော့ ဆရာမနဲ့ကို တိုင်အုံးမှာ”
“ကိုရဲမာန်ကြောင့် လျှော်ပေးလိုက်တယ် ဆိုပါတော့”
“ကောင်မတွေ…. တော်တော့ဟာ… လာ.. မုန့်ပဲသွားဝယ်စားရအောင်”
သူတို့စတော့လည်း စချင်စရာပဲ….။ ကျွန်မ ဒေါသထွက်နေရင်းကနေ အဲ့အစ်ကိုကြီး ရောက်လာ တော့ ဒေါသတွေ ဘယ်ရောက်သွားသည်လဲ မသိ။ သူ့ရဲ့ အပြောအဆိုကြောင့်လား၊ ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးလိုက်လို့လား ကျွန်မမသိချေ၊ အို ရှုပ်ပါတယ် မစဉ်းစားတော့ပါဘူး….။
သူငယ်ချင်းတွေနဲ့ မုန့်အတူဝယ်စားပြီးတော့ အတန်းပြန်တက်ရပြန်တယ်၊ ဝင်တဲ့ ဆရာမက သဘောကောင်းတော့ စောနကဝယ်လာတဲ့ မုန့်တွေကို ခုံတန်းအောက်က လွယ်အိတ်ထည့်တဲ့ နေရာမှာ ထားပြီးတော့ ခိုးစားကြတယ်….။ သိတယ်မလား ခိုးစားတဲ့မုန့်က ပိုပြီးတော့ စားကောင်း တယ်ဆိုတာ…. ခစ်ခစ်…။
နေ့လည်စာ ထမင်းစား ကျောင်းဆင်းချိန်ရောက်တော့ သူငယ်ချင်းတွေနဲ့ ထမင်းအတူစားပြီး ထိုင်ခုံပေါ်မှာထိုင်ပြီး ကိုရီးယားဇာတ်ကားအကြောင်း၊ သီချင်းများအကြောင်းကို ရေပတ်မဝင် အောင် ပြောကြတယ်၊ ဪ.. ဒီလို….. ကျွန်မတို့ ရှစ်တန်းစတက်ကတည်းက ထမင်းစား ကျောင်းဆင်းချိန်တွေဆို အပြင်ထွက် မဆော့ကြတော့ဘူး…။ ဘယ်ကဘယ်လို ဖြစ်တယ်တော့ ကျွန်မလည်း မသိဘူး….။ သူငယ်ချင်းတွေက မဆော့ကြတော့တာနဲ့ ကျွန်မလည်း သူတို့နဲ့အတူတူ စကားပြောဖြစ်တော့တာပဲ…။ ပြောရရင် ပျိုဖော်ဝင်လာလို့လားမသိ။ အငယ်တန်းတွေတုံးကလို ဖုံတလုံးလုံးနဲ့ မဆော့ချင်တော့ဘူး…..။
ကျွန်မတို့ သူငယ်ချင်းမတွေ စကားဝိုင်းမှာ အသစ်ထွက်တဲ့ ကိုရီးယားစီးရီး ဇာတ်ကားအကြောင်း ပြောနေရင်းကနေ တစ်ယောက်က…
“ငါ ဖျော်ရည်သောက်ချင်လို့ မုန့်စျေးတန်းသွားမလို့၊ တစ်ယောက်လောက် လိုက်ခဲ့ပေးဦး”
“အေး…ငါလိုက်ခဲ့မယ်”
“အေး အသေးလေး လာလေ”
ကျွန်မလည်း သူတို့ပြောနေတဲ့ ဇာတ်ကားအကြောင်းကို စိတ်မဝင်စားတာနဲ့ သူမနဲ့အတူ မုန့်ဈေးတန်းကို ထွက်လာခဲ့လိုက်တယ်၊ တိုက်ဆိုင်တာလားတော့ မသိ။ ကျွန်မတို့ ဖျော်ရည်ဝယ်တဲ့ မုန့်ဆိုင်ရောက်တော့ မနက်က တွေ့ခဲ့တဲ့ အစ်ကိုရဲမာန်နဲ့ ပြန်တွေ့ပါရောလား….။ ကျွန်မဘေးနားက သူငယ်ချင်းမက ကျွန်မကို အသာလက်တို့ပြီး….
“ဟိုမှာ ဟိုမှာ… နင့်အစ်ကိုကြီး”
ဟု တိုးတိုးလေးပြောကာ စလိုက်လေသည်၊ ကျွန်မက..
“အသာနေစမ်းပါ…. နင်ဝယ်မယ့်ဟာသာ မြန်မြန်ဝယ်”
ကျွန်မသူငယ်ချင်းက ဖျော်ရည်ဝယ်ဖို့ ရွေးနေတုံး အဲ့အစ်ကိုကြီးက ကျွန်မကို မြင်သွားပြီးတော့…
“ဟိုတစ်ယောက်…. ခေါင်းကနာနေသေးလား”
လို့ ပြုံးပြပြီး မေးလေသည်…။
“မနာတော့ပါဘူး….
သူငယ်ချင်းတွေက စထားကြလို့လား…. ဘာလို့ရယ်မသိ….. အဲ့အစ်ကိုကြီး စကားပြောတိုင်း ပါးစပ်က သူ့အလိုလို ပြန်ဖြေမိသည်၊ သူကတော့ စိတ်ရင်းဖြင့် တောက်ပစွာ ပြုံးပြသည်..။ နည်းနည်း အူကြောင်ကြောင်နိုင်သော်လည်း ကျွန်မဖက်ကလည်း ပြန်ပြုံးပြမိလိုက်သည်။
“ရော့…. တောင်းပန်တဲ့အနေနဲ့ မုန့်ဝယ်ကျွေးတာ”
“ဟို..ရပါတယ်”
“ရော့ပါ…. ညီမက ခုနှစ်တန်းကလား… ရှစ်တန်းကလား”
“ရှစ်တန်းကပါ…”
“ဟုတ်ပါပြီ… လူကောင်ကသေးနေလို့ မေးကြည့်တာပါ စိတ်မရှိပါနဲ့”
“ရပါတယ်… မဝယ်ကျွေးပါနဲ့”
“ရော့ပါ…”
ကျွန်မ အဲ့လောက်ငြင်းနေတာကိုပင် သူက မုန့်ကို လက်ထဲသို့ အတင်းထည့်သွားလေသည်၊ သူ လုပ်ချင်ရာလုပ်ပြီး သုတ်သုတ်နှင့် ပြန်သွားလေသည်၊ ကျွန်မသူငယ်ချင်းမက…
“ဟဲ့ အသေးလေး….. သွားရအောင် ငမ်းမနေနဲ့တော့”
“ဟင်….ဘာလဲ”
“ဘာမှမဟုတ်တော့ဘူး… လာလာ”
အတန်းထဲပြန်ရောက်တော့ သူငယ်ချင်းမက တစ်ဖွဲ့လုံးကို အစ်ကိုရဲမာန်နှင့် ကျွန်မ စကားပြောခဲ့ကြောင်း ဖောက်သည်ပြန်ချလေသည်၊ သူတို့ကတော့ ထုံးစံအတိုင်း စကြပြန်သည်…။ ကျွန်မ ဒေါသထွက်ပြီး အော်လိုက်မှပင် ငြိမ်သွားကြသည်။
အဲ့ဒီနေည အိမ်မှာ အိမ်စာလုပ်နေရင်းနှင့် ကိုရဲမာန်အကြောင်းကို တွေးမိပြန်လေသည်၊ ခေါင်းထဲက ကြိုးစား၍ ထုတ်ပါသော်လည်း အလုပ်မဖြစ်။ ထို့ကြောင့် ဆက်ပြီး တွေးတောနေလိုက်သည်၊ ပြောလို့ပြောတာမဟုတ် အဲ့အစ်ကိုကြီးက အရပ်တော်တော်ရှည်သည်…..။ သူနှင့်ဆိုလျင် ကျွန်မအရပ်က သူ့ပခုံးလောက်ပဲ ရှိလိမ့်မည်၊ သူ့မျက်နှာက ညိုသော်လည်း မေးရိုးချွန်ပြီး ယောကျာ်းပီသပြီး ကြည့်လို့ကောင်းလေသည်၊ ပြီးတော့ စာလည်းတော်တယ်ဆိုပဲ……
“ဒိတ်… ဒိတ်… ဒုတ်ဒုတ်… ဒိတ်… ဒိတ်… ဒုတ်ဒုတ်”
တကယ်ပဲ… ဟင်… ကျွန်မ ရင်ခုန်နေမိတာလား…. ကိုယ့်ရင်ဘတ်ပေါ် ကိုယ်ပြန်စမ်းကြည့်မိလိုက်သည်၊ အို… ကျွန်မနှလုံးခုန်သံတွေက မြန်ဆန်နေလေသည်….။ လက်ဖျားလေးတွေလည်း အေးစက်လာလိုပင်…..။ ငါ ဘာတွေ လျှောက်တွေးမိနေတာပါလိမ့်…..။ အခုမှ ရှစ်တန်းပဲ ရှိသေးတာကို၊ အိမ်ကပြောသလို ဆယ်တန်းမအောင်ခင်အထိ စိတ်တွေ ဟိုရောက်ဒီရောက် ဖြစ်နေလို့ မဖြစ်ဘူး.. မိနန်း… နင်စိတ်ထိန်းစမ်း… စိတ်ထိန်းစမ်း….။
နောက်ရက်တွေရောက်တော့ ကျောင်းမှာ ရဲမာန်ဆိုတဲ့ အစ်ကိုကြီးနဲ့ လမ်းသွားလမ်းလာ ဆုံဖြစ်ရင်း စိတ်မထိန်းနိုင်ပဲ သူ့မျက်နှာကို အလိုလိုကြည့်မိသွားသည်၊ ကျောင်းဘောလုံးပွဲတွေမှာလည်း ရင်ထဲက မသိမသာ သူ့ကိုပဲ ဂိုးသွင်းနိုင်ပါစေလို့ အားပေးနေမိသည်၊ ဝတ္ထုတွေထဲမှာ ဖတ်ခဲ့ဖူးသလို အချစ်ဆိုတာဟာ တားဆီးထားလို့ရတဲ့အရာ မဟုတ်မှန်း ကျွန်မသိရှိသွားသည်။
ကျွန်မသူငယ်ချင်းတွေက “နင်…. ကိုရဲမာန်ကို ကြိုက်နေတာလား” လို့ ခဏခဏ စနောက်တော့ ကျွန်မကလည်း “အေး.. အေး… ဟုတ်တယ်ဟေ့” လို့ စိတ်မရှည်တော့ပဲ ပြောမိလိုက်သည်၊ ဒါပေမယ့် အားလုံးသိတဲ့အတိုင်းပဲ….. အလယ်တန်းကျောင်းသူဆိုတော့ ကိုးတန်းက အစ်ကိုကြီးကို ကြိတ်ကြိုက်ရင်း စိတ်ကူးယဉ်ယုံပေါ့..။ လမ်းမှာ သူနဲ့တွေ့လို့ သူကပြုံးပြရင် ကျွန်မကလည်း ပြန်ပြီးပြုံးပြတာလောက်နဲ့ပဲ ကျေနပ်ရတာပဲရှင့်….။
တစ်ရက်ကြတော့ ကျွန်မသူငယ်ချင်းတွေက မြှောက်ပေးပြီး အစ်ကိုရဲမာန်ကို ဒီသင်္ချာပုစ္ဆာ မရဘူးလို့ ဟန်ဆောင်ပြီး စာရှင်းပြခိုင်းလိုက်လို့ ပြောတာနဲ့ သူရှိတဲ့ ကိုးတန်းအခန်းတွေဖက်ကို ရောက်လာခဲ့သည်၊ တကယ်တန်းက ကျွန်မက အဲ့လောက် သတ္တိမရှိ….။ သူငယ်ချင်းမတွေက နင် အဲ့လောက်တောင် အဖြစ်မရှိဘူးလား ဘာလားနဲ့ ကြုံတိုင်းစနေလို့ “အေး ငါသွားမေးပြမယ် ဒါပေမယ့် ငါမေးရဲရင် နင်တို့တွေ နောက်တစ်ခါ အဲ့လိုမစကြနဲ့တော့” လို့ ပြောပြီး ရောက်လာခဲ့ကြသည်။
တကယ်တန်း နဖူးတွေ့ ဒူးတွေ့ ကြုံလာတော့ ရင်တွေ တဒိတ်ဒိတ်ခုန်ပြီး ကြောက်ရုပ်ကြီးလို သူ့အတန်းရှေ့မှာ အကြာကြီး ရပ်နေမိသည်၊ သူငယ်ချင်းမတွေက အနောက်ကနေ တွန်းတော့လည်း အရှေ့ကိုမရွေ့…. ကျောက်ရုပ်ကြီးတစ်ရုပ်လိုပဲ မတ်တပ်ရပ်နေမိသည်…။ ကိုးတန်းက အစ်မကြီးတွေကလည်း ကျွန်မတို့အဖွဲ့ကို ဘာလာလုပ်ကြတာလဲဆိုတဲ့ မျက်လုံးတွေနဲ့ကြည့်နေကြသည်။
ကျွန်မလည်း လက်ကျန်ရှိတဲ့ သတ္တိတစ်ပိုင်းတစ်စကို ထုတ်မွေးပြီး…. တံတွေးမြိုချကာ တစ်လှမ်းချင်း ကိုရဲမာန်ဆီ သွားလိုက်သည်…။ သူ့နားရောက်တော့ သူက ကျွန်မကိုတွေ့တော့…
“ဟိတ်… ဟိုကောင်မလေး ဘာလာလုပ်တာလဲ”
“ဟို..ဟို.. ဒီပုစ္ဆာကလေ.. ဟို.. အဲ့တာ…. ရှင်းပြ…”
“ဪ… စာလာမေးတာလား၊ လာ… အစ်ကို့နားလာခဲ့လေ”
“ဟုတ်”
” လာ မတ်တပ်ကြီး ရပ်မနေနဲ့၊ အစ်ကို့ဘေးနားထိုင်လေ…”
“အင်း ပြောရရင်….ဒီပုစ္ဆာကို….. ကွင်းခတ်ထားတဲ့ဟာကနေ စပြီး တွက်ရမှာ… ဒီနံပါတ်ရဲ့ ကိန်းစဉ် .!^#(!%@*!*!%&#%!*#%@ (!&#%$^@*@(@*$^&!((^$^*” က”
“နားလည်ပြီလား…ညီမ”
“ဟုတ်..ကျေးဇူးပါနော်”
ဘယ်လိုပဲဖြစ်ဖြစ် သတ္တိမွေးပြီး အခုလို စာရှင်းပြခိုင်းလိုက်တော့ အစ်ကိုရဲမာန်နဲ့ ခင်မင်ခွင့် ရသွားတာပေါ့ ဟိ၊ အဲ့ဒီနေကစပြီး ကျွန်မက ကျေးဇူးတင်တဲ့အနေနဲ့ မုန့်ဝယ်ကျွေးလိုက်၊ ကိုရဲမာန်က ပြန်ဝယ်ကျွေးလိုက်နဲ့ပဲ ပိုပြီးခင်လာရတာပေါ့….။ တအားကြီး ခင်တာမျိုးလည်း ဘယ်ဟုတ်ပါ့မလဲပေါ့နော်၊ ကျွန်မကတော့ ကြိတ်ကြိုက်နေတယ်…..။ အခုခေတ်စကားနဲ့ဆို ကြိတ် Crush နေတယ် ဆိုပေမယ့်လို့ ဒီထက်ပိုပြီး အဆင့်တက်ဖို့ထိတော့ မဖြစ်သင့်ဘူးလို့ ထင်လို့ မေးထူးခေါ်ပြော အဆင့်မှာတင် ကျေနပ်နေရတာပေါ့ရှင်…..။
ဒီလိုနဲ့ နောက်ဆုံးစာမေးပွဲနားနီးတော့ အစ်ကိုရဲမာန်ဆီသွားပြီး ကျွန်မရဲ့ အော်တိုစာအုပ်ထဲကို လက်မှတ်သွားထိုးခိုင်းတယ်….။ သူက…
“ညီမ…. ဘာလဲ ပြောလေ၊ စာမေးပွဲနီးပြီနော်… စာတွေပိုင်နေပြီလား… ရှစ်တန်းဆိုတော့ အစိုးရ စာမေးပွဲနော်… မပေါ့နဲ့ သိလား”
“ဟုတ်.. စာတွေက ရနေပါပြီ…. စာအုပ်ထဲ အစ်ကို့လက်မှတ် ရေးပေးပါလား”
“အော်တိုထိုးခိုင်းတာလား…. ရှစ်တန်းကျောင်းသူတွေ အခုထိ အော်တိုထိုးနေကြတုံးလား”
“ဟုတ်ပါတယ် ကိုးတန်းက အစ်ကိုကြီးရဲ့”
“လက်မှတ်ပဲမလား… စာကြောင်းကော ရေးပေးရအုံးမှာလား”
“အင်း”
“အစ်ကိုက သိပ်မရေးတတ်ဘူးနော်…. စာအုပ်ပေး ဘယ်နားလေးမှာ ရေးပေးရမှာလဲ”
“အင်း…. ဒီနားလေး”
“ဒါနဲ့ အသေးလေး အသေးလေးလို့ပဲ သိထားတော့၊ နာမည်က ဘယ်သူ..”
“နန်းဖူးဝတ်မှုံ”
“ဝါး… နာမည်က အမိုက်စားပဲ”
ကိုရဲမာန်က ကျွန်မရဲ့ စာအုပ်ထဲ တစ်ခုခုချရေးပြီး လက်မှတ်ထိုးပေးလိုက်သည်၊ ပြီးနောက်..
“ရော့… နန်းဖူးဝတ်မှုံ… နာမည်ကလည်းရှည်တာ… အသေးလေးလို့ပဲ ခေါ်တော့မယ်၊ အိမ်ရောက်မှ ဖွင့်ဖတ်နော်”
” ရပါတယ်ရှင့်… ကျေးဇူးပါ… အစ်ကိုလည်း စာမေးပွဲဖြေနိုင်ပါစေ”
“ညီမကောပဲ”
အစ်ကိုရဲမာန်ပြောသလို အိမ်ရောက်တဲ့အထိ ကျွန်မ မစောင့်နိုင်ပါ။ အတန်းထဲရောက်တာနဲ့ သူဘာတွေများ ရေးပေးပါလိမ့်လို့ ရင်ခုန်စွာနဲ့ ဖွင့်ဖတ်မိတယ်၊ သူရေးထားတာက…
“ခင်ရတဲ့ ညီမလေး နန်းဖူးဝတ်မှုံရေ…
ရှစ်တန်းပြီးလို့ ကိုးတန်းရောက်တော့မယ်ဆိုတော့ အရင်ကထက်ပိုပြီး စာကိုကြိုးစားပါ၊ အစားအသောက်တွေလည်း ဂျီးမများပဲ မျာများစား… အဲ့တာမှ ကိုယ်လုံးထွားလာမှာ.. လမ်းလျှောက်ရင်လည်း ဘယ်ညာကြည့်လျှောက်… ခေါင်းကို ဘောလုံး ထပ်မှန်နေအုံးမယ်
ကျန်းမာရေးကို ဂရုစိုက်
ခင်တဲ့အစ်ကိုကြီး
ရဲမာန်”
ဟူ၍ ဖြစ်လေသည်။
ကိုရဲမာန်ရေးပေးလိုက်တဲ့ စာက ရိုးရိုးရှင်းရှင်းနဲ့ တိုတိုလေးဆိုပေမယ့် ကျွန်မရင်ထဲ တစ်မျိုးတစ်ဖုံ ခံစားလိုက်ရသည်၊ ပူပူနွေးနွေး ကော်ဖီတစ်ခွက် သောက်လိုက်ရသလို ရင်ထဲ နွေးထွေးသလိုမျိုး ခံစားရသည်၊ နောက်ပြီးတော့ ပိတိဖြစ်မိသလိုလို ဘာလိုလိုနှင့် ခံစားရလေသည်…။
ကျွန်မ ရှစ်တန်းဖြေပြီးလို့ ကိုးတန်းကိုရောက်တော့ ပထမဆုံး ကျောင်းစဖွင့်တဲ့ရက်မှာ ကိုရဲမာန် ကို တွေ့လိုတွေ့ငြား ဆယ်တန်းအခန်းဖက်သို့ လျှောက်ကြည့်မိသည်၊ သို့သော် တစ်ပတ်ကြာသည်အထိ သူ၏ အရိပ်အရောင်ကို မမြင်ရချေ၊ ထို့ကြောင့် ကိုရဲမာန်ကိုသိသော ဆယ်တန်းက အစ်မကြီးတစ်ယောက်ကို မေးကြည့်လိုက်တော့ အစ်ကိုရဲမာန်က ဆယ်တန်းကို မိတ္ထီလာမှာ ဘော်ဒါဆောင်သွားနေပြီ ဖြစ်ကြောင်း သိရလေသည်…..။
မနှစ်တုံးက အော်တိုရေးခိုင်းတုံးက သူ၏အိမ်ဖုန်းနံပါတ်ကို မတောင်းမိရကောင်းလားလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိလေသည်….။ ကိုရဲမာန်နှင့် နောက်ထပ်တစ်ခေါက် ပြန်ဆုံရပါစေဟု ဘုရားမှာ အကြိမ်ကြိမ် ဆုတောင်းမိသော်လည်း သူ့ကို နောက်တစ်ခေါက် ပြန်လည်မတွေ့ရတော့ချေ..။
——————————–
🧡အခန်း (၂)🧡
❤️ကျန်ရစ်နေဆဲ အတိတ်က ခြေရာများ❤️
အချိန်: ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်၊ တနင်္ဂနွေနေ့
တည်နေရာ: တိုက်အမှတ် (ဂ/***)၊ မင်းလမ်း စမ်းချောင်းမြို့နယ်….. ရန်ကုန်မြို့
ကျွန်တော် သစ်တောတစ်ခုထဲသို့ ရောက်နေသည်၊ ဘယ်ကနေဘယ်လို ရောက်လာသည်ကို ကျွန်တော် မမှတ်မိတော့။ ဒီသစ်တောပုံစံကို ကျွန်တော် မြင်ဖူးသည်။ နောက်ပြီးတော့ ဒီထင်းရှူးတောကိုလည်း ကျွန်တော် ရောက်ဖူးခဲ့သည်ဟု မသိစိတ်ထဲကနေ ခံစားရသည်။
“မောင်..”
ကျွန်တော်ရင်းနှီးနေတဲ့ သူမရဲ့ခေါ်သံကို အနောက်ကနေ ကြားလိုက်ရသည်၊ နောက်လှည့်ကြည့်လိုက်တော့ သူမ မရှိတော့….။ ပြီးတော့ ရုတ်တရက် ကျွန်တော့်အရှေ့တွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်….။ သူမက ကျွန်တော် သိပ်ချစ်ရတဲ့ “မဝသုန်ဖူး”။ သူမက
“မ….. ဒီနေကြာပန်းလေးနဲ့ လိုက်လား… မောင်”
“လှပါတယ်…. မက ကျွန်တော့်ရဲ့ နေကြာပန်းလေးပဲဟာ”
ဟု အသံမထွက်သော်လည်း စိတ်ထဲကနေ ပြောမိလိုက်သည်။ ကျွန်တော့်ရှေ့တွင် ဂါဝန်ရှည်လေးနှင့် နေကြာရိုင်းပန်းလေး ပန်ဆင်ထားသည့် မဝသုန်ဖူးကို လှမ်းဖက်လိုက်သည်…..။ သူမကလည်း ကျွန်တော့်ကို ပွေ့ဖက်လိုက်ပြီး နားရွက်နားကပ်ကာ စကားတစ်ခွန်း ပြောလေသည်၊ သူမ ပြောလိုက်သည်က…
“မောင်…. မ..ကို ခွင့်လွှတ်ပါနော်၊ မ သွားရတော့မယ်”
“မသွားရဘူး..မ… ကျွန်တော့်နားကနေ ထွက်မသွားပါနဲ့”
ဟု ပြောလိုက်သော်လည်း ရင်ခွင်ထဲကနေ ဘယ်ပျောက်သွားသည်မသိ…။ ကျွန်တော်တစ်ယောက်တည်း မတ်တပ်ရပ်ကျန်ရစ်ခဲ့သော ထင်းရှူးတောထဲတွင် ရုတ်တရက် လေပြင်းများ တိုက်ခတ်လာလေသည်..။ သစ်ရွက်ခြောက်များက ကျွန်တော့် ဘေးပတ်ပတ်လည်တွင် ဝဲပျံနေလေသည်၊ ထို့နောက် လေထဲတွင် ဝဲဂယက်တစ်ခု ပေါ်ထွက်လာပြီး ကျွန်တော့်တကိုယ်လုံးကို စုပ်ယူသွားလေသည်..။
မတ်စောက်သည့် တောင်ထိပ်တစ်ခုအပေါ်ကနေ အောက်ကို ပက်လက်လှန်ကျသည့် ခံစားမှုမျိုးကို ကျွန်တော် ခံစားရသည်၊ အောက်ကိုကျသွားသည့် လမ်းတစ်လျှောက်တွင် ပုံရိပ်များက ဓာတ်ပုံဖလင်ကားချပ်များလို ပေါ်ထွက်လာလေသည်….။
အောင်ကောင်းထက် ဘော်ဒါဆောင်တွင် စာလုပ်နေရဲ့လားလို့ ကြည့်နေသော သူမ…
ကျွန်တော်နှင့် ဘေးချင်းယှဉ်ပြီး ရဟတ်စီးနေသော သူမ…
အဝါရောင် မြန်မာဝတ်စုံဝမ်းဆက်လေးနှင့် ရေလည်ဘုရားတွင် ဝတ်ပြုနေသော သူမ…
တက္ကသိုလ်ရောက်ပြီ ဖြစ်သော်လည်း စာလုပ်ရန် တိုက်တွန်းနေသော သူမ ..
မိတ္ထီလာကန်ဘောင်တွင် ရှက်ပြုံးလေးနှင့် “ချစ်ပါတယ်”ဟု အဖြေပေးခဲ့သော သူမ…
အရှက်အကြောက်ကြီးသော သူမ…
ကျွန်တော့်ကို အထင်လွဲပြီး ကလေးလေးလို စိတ်ကောက်နေတဲ့ သူမ…
သဝန်တိုတတ်တဲ့ သူမ…
ကျွန်တော့်ရဲ့ လိုအပ်ချက်များကို ဖြည်းစည်းပေးတက်သော သူမ…
ကျွန်တော့်ကို သူမပေါင်ပေါ်တွင် လှဲအိပ်စေပြီး ခေါင်းလေးကို ယုယစွာ ပွတ်သပ်ပေးသော သူမ…
ပထမဆုံး နှုတ်ခမ်းချင်းနမ်းပြီးတဲ့အချိန် ရင်ခွင်ထဲတိုးဝှေ့ကာ ရှက်နေသော သူမ…
ခံစားရသည်များကို ရင်ဖွင့်ပြီး ကျွန်တော့အပေါ် အားကိုးသော သူမ…..
ထင်းရှူးတောထဲတွင် လမ်းလျှောက်ပြီး ပျော်နေတတ်သည့် သူမ…
စက်ဘီးနောက်ကနေ ခါးကိုဖက်ရင်း စကားတွေ တီတီတာတာ ပြောတတ်သော သူမ…
ကျွန်တော့်ကို အခန်းထဲတွင် ထားခဲ့သော သူမ….
အချစ်နဲ့ဘဝဆိုတာ ထပ်တူမကျနိုင်ပါဘူးလို့ ရက်ရက်စက်စက်ပြောပြီး လမ်းခွဲခဲ့သော သူမ…
မိဘမျက်ရည်မကျစေချင်လို့ တောင်းပန်ပါတယ်ဆိုတဲ့ သမီးအလိမ္မာလေး သူမ……
နောက်ပြီးတော့ မိတ္ထီလာကန်ထဲကျသွားတဲ့ အပေါစား လက်စွပ်လေးတစ်ကွင်း…
ပုံရိပ်များက အစီစဉ်တကျ ပေါ်ထွက်လာပြီးနောက် အရာအားလုံး မဲမှောင်သွားကာ အလင်းကွယ်ပျောက်သွားလေသည်…။ ကျွန်တော်လည်း ထိုအိမ်မက်ဆိုးကြီးထဲကနေ လန့်နိုးလာခဲ့လေသည်။
“ရဲမာန်…. ဟေ့ကောင်.. ရဲမာန်… ထတော့… ထတော့… မနက် ၁၀ နာရီ ရှိနေပြီ”
“အွင်းး… ဝါးးး… ဟိန်းထက်လား”
“ဒီတိုက်ခန်းထဲမှာ မင်းနဲ့ငါပဲရှိတာကို ငါပေါ့ဟ၊ ထတော့ မင်းညကြရင် အိပ်မပျော်ပဲနေလိမ့်မယ်”
“အင်း..ထပြီ”
ကျွန်တော် ကုတင်ပေါ်တွင် အိပ်နေရာမှ ငုတ်တုတ်ထထိုင်လိုက်သည်၊ စောနက အိမ်မက်ဆိုး ကြောင့် ရင်တွေ တလှပ်လှပ်ဖြစ်နေ၍ ဘေးနားက ရေဗူးကို တဂွတ်ဂွတ် သောက်လိုက်သည်၊ ကိုယ့်ကိုယ်ကိုလည်း ဒီအဖြစ်တွေ ဖြစ်ခဲ့တာ “ငါးနှစ်ကျော် ခြောက်နှစ်ထဲ” ရောက်နေပြီဟု ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်၊ ဟိန်းထက်က..
“ရဲမာန်… မင်း ဟိုအိမ်မက်ဆိုးတွေ မက်ပြန်ပြီလား”
“အင်း…. ဘယ်လိုသိတာလဲ”
“အိပ်ယာထဲမှာ ချွေးစီးတွေနဲ့ တအင်းအင်း လူးလှိမ့်နေတာကို.. သိတာပေါ့ဟ”
“ဒီအိမ်မက်တွေ မမက်တော့တာတောင် ကြာပါပြီ၊ အခုမှ ဘယ်လိုပြန်ဖြစ်တယ် မသိဘူး”
“မင်းကိုက အဖြစ်သည်းနေတာပါ၊ ငါလည်း ယုပ္ပင်နဲ့ လမ်းခွဲခဲ့တာပဲ…..၊ အခုဆို သူလည်း နောက်တစ်ကောင်နဲ့ ငါလည်း အခုလက်ရှိနဲ့ဆို နှစ်ယောက်တောင်ရှိနေပြီ”
“အင်း… ငါရည်းစားမထားချင်တော့လို့ပါကွာ”
“ဟေ့ကောင်.. မင်းကိုယ်မင်း တက္ကသိုလ်ကျောင်းသားအရွယ် မှတ်နေလား၊ မင်းရုံးမှာ Senior HR ဖြစ်ပြီးလို့ လက်ထောက်မန်နေဂျာတောင် ဖြစ်တော့မှာနော်…. အခုမှ ရည်းစားမထားရင် ကောင်းတာလေးတွေ ကျန်မှာ မဟုတ်တော့ဘူး”
“ငါလည်း မိန်းမယူဖို့ စိတ်ကူးမရှိပါဘူးကွ”
“စိတ်ကူးမရှိလည်း ရည်းစားတစ်ယောက်လောက်တော့ ထားကွာ၊ မင်းကိုကြည့်ရတာ စိတ်ကို မချမ်းသာဘူး၊ ဟိုကဖြင့် ကလေးနှစ်ယောက် သုံးယောက်တောင် ရနေလောက်ပြီ.. လူပဲဟာ ဖြစ်ပြီးရင် ပျက်မှာပဲ… ရှေ့ဆက်ဖို့အချိန်တန်ပြီ”
“အေးပါကွာ… ထားကြည့်တာပေါ့”
“ ငါတို့ရုံးက ကတက်လေး တစ်ယောက်ရှိတယ်၊ နောက်မှ မင်းနဲ့ချိတ်ပေးမယ် သားကြီး”
“အခုက မင်းဘယ်သွားမလို့လဲ”
“ရုံးပိတ်ရက်ဆိုတော့ ဆော်နဲ့သွားလည်မလို့၊ လှော်ကားဘက် လိုက်ခဲ့ပါလား”
“မင်းတို့အတွဲကြားထဲ ဘာလုပ်ရမှာလဲ”
“မင်း စိတ်အပြောင်းအလဲလေးများ ဖြစ်မလားလို့ မေးကြည့်တာပါ၊ ငါ့ကိုကြည့်ပြီး ဆော်ထားချင်စိတ်ပေါက်လာမလားလို့”
“တော်ကွာ.. သွားမှာဖြင့်သွားတော့”
“အေးအေး သွားပြီ”
ဟိန်းထက် တိုက်ခန်းထဲကနေ ထွက်သွားတော့မှ ကျွန်တော်လည်း တကိုယ်လုံး အဝတ်ချွတ်ပြီး ရေချိုးခန်းထဲသို့ ဝင်ခဲ့လိုက်သည်၊ အိမ်သာတက်၊ သွားတိုက်၊ ရေပါတစ်ခါထည်း ချိုးလိုက်သည်။ မျက်နှာသစ်ပြီးတော့ ရေချိုးနေရင်းနှင့် ရေချိုးခန်းထဲက မှန်ထဲမှာ ကိုယ့်ရုပ်ကို ပြန်ကြည့်မိလိုက်သည်…။ ဆံပင်မညှပ်ဖြစ်တာ ကြာပြီဖြစ်၍ ဆံပင်က နောက်ကိုလှန်လျင် ဂုတ်ထောက်တဲ့အထိ ရှည်နေလေပြီ….။ ရှည်လက်စနှင့် ဆံပင်အရှည်ပုံစံထားလိုက်ခြင်း ဖြစ်သည်…..။
ရေတစ်ထပ်ချိုးပြီး ဆပ်ပြာတိုက်ရင်းပင် ခေါင်းကိုလည်း လျှော်ပြီး နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်ကိုပါ တစ်ခါထည်း ရိတ်လိုက်သည်၊ အခုမှ ညင်းသိုးသိုးရုပ်ကနေ အနည်းငယ် ပြန်ခန့်သွားသည်ဟု ကိုယ့်ကိုယ်ကို ထင်မြင်မိလေသည်။
ရေချိုးပြီးသည့်နောက်တွင် ထမင်းပေါင်းအိုးထဲက မနေ့ကျန်သော ထမင်းကြမ်းခဲကို ဇလုံထဲထည့်ကာ ချေလိုက်ပြီး ဒယ်နီထဲ ဆီသတ်ကာ ထမင်းကြော်လိုက်လေသည်၊ ပြီးနောက် ဝယ်ထားသော အသင့်စား ဗလချောင်ကြော်ဗူးကို ဖွင့်လိုက်ပြီး ကော်ဖီနှင့်တွဲ၍ စားသောက်လိုက်သည်။
ထမင်းကြော်နှင့်နယ်ကာ ထမင်းစားပြီးနောက်တွင် အင်္ကျီအပေါ်ထပ်ဝတ်ကာ ဆံပင်ရှည်ကို အနက်ရောင် ဘီးကုတ်နှင့် သပ်လိုက်ပြီး တိုက်ခန်းတံခါးကို သော့ပိတ်ကာ တိုက်အောက်သို့ ဆင်းလာခဲ့လေသည်၊ ကျွန်တော့်အဖို့တော့ တနင်္ဂနွေနေ့ ရုံးပိတ်ရက်ဖြစ်၍ များများစားစား သိပ်လုပ်စရာမရှိ၊ တိုက်ခန်းထဲ မအောင်းနေချင်၍ စမ်းချောင်းထဲ လမ်းလျှောက်ထွက်လိုက်သည်၊ ဘာဘယ်တီးဆိုင်တစ်ဆိုင်တွေ့တော့ ထိုင်းတီးတစ်ခွက် ပါဆယ်ဝယ်ခဲ့ပြီး သွားနေကြ PS4 ဂိမ်းဆိုင်ဆီသို့ ထွက်ခွာခဲ့လေသည်။
ဂိမ်းဆိုင်ရောက်တော့ ဆိုင်ရှင်အစ်ကိုကြီးက
“ညီလေး ဒီနေ့ဘာဆော့မှာလဲ”
“God Of War 4 ထည့်ပေး အစ်ကို၊ ဒီနေ့ အဲ့တာပြီးအောင် ခုတ်လိုက်မယ်”
“အေးအေးညီလေး အချိန်မှတ်ပဲမလား”
“ဟုတ်တယ် အစ်ကို”
ဝယ်လာခဲ့သော ဘာဘယ်တီးကို သောက်ရင်း God of war ဂိမ်းကို ဆော့ရင်း အချိန်ဖြုန်းလိုက်သည်၊ အချိန်တွေ ဘယ်လိုကုန်သွားသည်မသိ၊ နောက်ဆုံး Final Boss ကို သတ်ပြီးတော့ နာရီကိုကြည့်လိုက်တော့ လေးနာရီပင် ထိုးနေလေပြီ….။
ကျွန်တော်လည်း ကျသင့်ငွေကိုရှင်းပြီး ဦးတည်ချက်မရှိ လမ်းလျှောက်ပြီး လျှောက်ငေးကြည့်နေလေသည်၊ လျှောက်နေရင်း ဗိုက်ဆာသလိုလိုရှိလာတာနဲ့ နေ့လည်စာ မစားရသေးမှန်း သတိရသွားသည်၊ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ထိုင်လိုက်ပြီး လိပ်ခုတ်ချဉ်စပ်နှင့် ကျဆိမ့်တစ်ခွက်ကို မှာလိုက်သည်။
ကျွန်တော်မှာထားသည့် အစားအသောက်များ ရောက်လာသည်နှင့် လက်တစ်ဖက်က ဖုန်းကိုပွတ်ပြီး Facebook newsfeed ကို ကြည့်ကာ တစ်ဖက်က လိပ်ခုတ်ကို ခက်ရင်းနှင့်ထိုးပြီး စားသောက်လေသည်၊ ပြီးနောက် မျက်လုံးကို အနားပေးသည့် အနေဖြင့် ဖုန်းကို အိပ်ကပ်ထဲ ပြန်ထည့်ကာ ကျဆိမ့်ကို အရသာခံပြီး သောက်လိုက်လေသည်။
လက်ဖက်ရည်သောက်ပြီးတော့ ခံတွင်းချဉ်လာသလိုလို ဖြစ်လာတာနဲ့ အင်္ကျီအိပ်ကပ်ထဲ နှိုက်ကြည့်တော့ အရင်တစ်ပတ်က ဂျိတ်ဆီကနေ ဖန်ထားသည့် ဝေါ်ကီတစ်တိုင် ထွက်လာလေသည်၊ ထို weed တစ်တိုင်ကို မီးရှို့လိုက်ပြီး တစ်ဖွာရှိုက်လိုက်ကာ လက်ကို စားပွဲခုံအောက်ထဲ ထည့်ထားလိုက်လေသည်။
ထိုကဲ့သို့ ဝေါ်ကီသောက်ရင်း ရန်ကုန်မြို့၏ ညနေခင်းမြင်ကွင်းကို ကျွန်တော် ခံစားကြည့်ရင်း မနက်က အိမ်မက်အကြောင်း စဉ်းစားမိသွားတော့ ပြုံးမိသွားလေသည်၊ အမှန်အတိုင်း ပြောရလျင် အဲ့ဒီကိစ္စမှာ နှစ်တွေလတွေ ကြာခဲ့ပြီဖြစ်၍ ကျွန်တော် သိပ်မခံစားရတော့ပြီ ၊ အလုပ်ကပေးသော ဖိအားများ…. ပတ်ဝန်းကျင်အသစ် သူငယ်ချင်းအသစ်များကြားတွင် နေသားကြနေသည်မှာ အတော်ကြာနေပြီ ဖြစ်လေသည်..။
သို့သော် တစ်ခါတစ်ရံ အိမ်မက်ထဲတွင် မဝသုန်ဖူး ပေါ်လာလေ့ရှိသည်၊ အပြင်ဖက်တွင် အနာကျက်သွားပြီဟု ထင်ရသော်လည်း အတွင်းနက်သော ဒဏ်ရာမို့လို့ အမာရွတ်တော့ ကျန်ခဲ့မည်မှန်း ကျွန်တော်နားလည်သည်၊ သို့သော် ဟိန်းထက်ပြောသလိုတော့ ရည်းစားထားပြီး ကုစားရန် မလိုအပ်ပါဘူးလို့ပင် ထင်မြင်မိလေသည်..။
ထို့နောက် ဘာမှမတွေးတော့ပဲ ဝေါ်ကီအရသာခံစားရင်း လက်ဖက်ရည်ဆိုင်မှ ဖွင့်ထားသော သီချင်းအေးအေးလေးကို နားထောင်ကာ ဟိုဒီသွားလာနေသော လူများကို အကြောင်းပြချက်မရှိ လိုက်ကြည့်နေမိသည်၊ ဘဝရည်မှန်းချက်များနောက်ကိုလိုက်ရင်း အထီးကျန်နေရသော လူတစ်ယောက်၏ ညနေခင်းက ဤကဲ့သို့ပင်….၊ ဆိုင်မှဖွင့်ထားသော အဆိုတော် စိုးလွင်လွင်၏ “မျက်ရည်ညနေ” သီချင်းကို နားဆင်ရင်း နောက်ဆုံးလက်ကျန် ဝေါ်ကီကို အဆုတ်ထဲထိရောက်အောင် ရှိုက်ပြီး အငွေ့များကို မှုတ်ထုတ်လိုက်လေတော့သည်..။
🎶 ကျေနပ်စွာခံယူမယ် မိန်းကလေးရေ… မင်းရဲ့လှည့်ကွက် များစွာထဲ….🎶
🎶သာယာနေတတ်သူ ယုံစားးးးးးး: စိတ်ချမိပါတယ်….🎶
🎶အချစ်က အသိအာရုံကို ဖုံးကွယ်…🎶
🎶သူ… ဆန္ဒပြည့်အောင် ဆော့ကစားပြီးတော့… အပြစ်တွေဖွဲ့ကာ အဝေးကို ပြေးထွက်သွားလေတယ်…🎶
🎶မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့လေးတွေ…. အခုထိ… ပျယ်လွင့် မသွားပဲ..🎶
🎶ထွက်သက်ဝင်သက်တိုင်း…. သတိရစရာတွေ ဖြစ်နေတယ်….🎶
🎶မင်း… ကိုယ့်အပေါ် ခြွေတဲ့ အမုန်းတွေ….🎶
🎶လက်ထဲမှာပွေ့ကာ ရှိုက်နမ်းရင်းနဲ့….🎶
🎶ဒီညနေလည်း ကိုယ်မျက်ရည်ကျရဦးမှာပဲ…..🎶
———————————
🧡အခန်း (၃) စိတ်အနှောင့်အယှက်🧡
တနင်္ဂနွေနေ့၏ ညနေခင်းကို လက်ဖက်ရည်ဆိုင်တွင် ကုန်ဆုံးပြီးနောက် နေထိုင်ရာတိုက်ခန်းသို့ ပြန်လာခဲ့လေသည်၊ အပေါ်တက်ရန် တိုက်ခန်းလှေကားက သော့ဂလောက်ကို ဖွင့်နေစဉ်တွင်
“အစ်ကိုကြီး…. ညီမလေးတို့ကို စောင့်ပါဦး”
ဆိုသည့် အသံကို ကြားလိုက်၍ လှည့်ကြည့်လိုက်ရာ မျက်နှာချင်းဆိုင် တိုက်ခန်းမှ ကလေးလေး ဖြစ်နေလေသည်၊ ကျွန်တော်က…
“အေး…. ပူတူးလေး…. ဘယ်ကပြန်လာတာလဲ”
“မူကြိုက ပြန်လာတာပါရှင့်”
ဟု ကလေးမလေးက ပြန်ဖြေလေသည်၊ သူ့အမေဖြစ်သူက
“မောင်လေးရော… ဘယ်ကပြန်လာတာလဲ”
ဟု မေးလေသည်၊ ကျွန်တော်က…
“ဒီလိုပါပဲ… ရုံးပိတ်ရက်ဆိုတော့ ဂိမ်းဆိုင်မှာပဲ အချိန်ဖြုန်းနေရတာပဲ မသန္တာ ”
“ကောင်မလေးနဲ့ သွားမတွေ့ဘူးလား…. ဟိုတစ်ယောက် မင်းသူငယ်ချင်းရော”
“ဪ… ဟိန်းထက်ကတော့ သူ့ရည်းစားနဲ့ သွားချိန်းတွေ့တယ်”
“မောင်လေးကရော သွားမတွေ့ဘူးလား”
“ကျွန်တော်မှ ရည်းစားမရှိတာ အစ်မရယ်”
“အမလေး မယုံပါဘူး၊ အခုခေတ်မှာ ဒီအရွယ်ဆို ရည်းစားတွေ ဗလပွ ထားနေကြပြီ”
“ရည်းစားမရှိဘူးလို့ပဲ ပြောတာပါ၊ မထားဖူးတာရယ်လို့တော့ ဟုတ်ပါဘူး”
“ဟုတ်ပါပြီ… လာ မေမေ ရေချိုးပေးမယ်နော် သမီးလေး၊ မဆော့နဲ့တော့…. ချွေးပြန်ထွက်လိမ့်မယ်.. ခဏနေကြ”
“ကဲ… မောင်လေးရေ… စကားတပြောပြောနဲ့ တက်လာတာ လေးလွှာတောင် ရောက်ပြီ”
“ဟုတ်အစ်မ၊ တိုက်ခန်းထဲ ဝင်တော့လေ…. ဟိတ်.. ပူတူးမလေး ဒီနေ့ ဘာတွေသင်ခဲ့လဲ”
“ဝမ်းတူး..သရီး…ဖော…”
“ဒါဆို တစ်ကနေ တစ်ဆယ်ကို အင်္ဂလိပ်လိုရော ဗမာလိုကော ရပြီပေါ့”
“ဟုတ်တယ် အစ်ကိုကြီး.. သမီး နောက်နေ့မှ ဆိုပြတော့မယ်”
“ဟုတ်ပါပြီဗျာ”
ကျွန်တော်လည်း မျက်နှာချင်းဆိုင် တိုက်ခန်းမှ အိမ်နီးနားချင်း သားအမိအား နှုတ်ဆက်ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့လေသည်၊ “မသန္တာ” မှာ ခင်ပွန်းဖြစ်သူက ကားအက်စီးဒင့်ဖြစ်ပြီး ဆုံးပါးသွားရာမှ လေးနှစ်အရွယ် သမီးလေးတစ်ယောက်နှင့် ငယ်ငယ်ရွယ်ရွယ် မုဆိုးမ ဖြစ်နေ ရှာသည်၊ ကျွန်တော် ဒီတိုက်ခန်းသို့ ပြောင်းလာတုံးကတောင် သူ့အမျိုးသားအစ်ကိုကြီးနှင့် စခင်ပြီး သူတို့သားအမိနှင့် သိရှိခဲ့ခြင်း ဖြစ်သည်..။
အခုတော့ မသန္တာက နောက်အိမ်ထောင်မပြုပဲ တစ်ယောက်ထည်း ရုံးတစ်ခုတွင် အလုပ်လုပ်ကာ သမီးလေးကို စောင့်ရှောက်နေလေသည်၊ သူတို့တိုက်ခန်းတွင် တစ်ခါတစ်ရံ မသန္တာ၏ အမေဖြစ်ပုံရသော အဒေါ်ကြီးတစ်ယောက်ကို တွေ့ရတတ်သည်၊ ကလေးတစ်ဖက် ရုံးတစ်ဖက်နှင့် အမြဲအလုပ်များနေသော်လည်း အမြဲတမ်းလိုလို တက်ကြွနေတတ်သည့် ထက်မြက်သည့် အာဂအမျိုးသမီးပင်..။
ဟိန်းထက်ဆိုသည့် အကောင်ကတော့ ပြဿနာ အသေးအမွှားကိုပင် သည်းခံနိုင်စွမ်းမရှိ၊ အမြဲလို ငြည်းညူနေတတ်လေသည်၊ အထက်လူကြီးနှင့် စကားများပြီး အလုပ်ထွက်လာခဲ့သော ကုမ္ပဏီပေါင်း မနည်းတော့..။
တိုက်ခန်းထဲဝင်တော့ ပေတီးပေစုတ် နေထိုင်သည့် ညင်းသိုးသိုး အငွေ့အသက်ကို ခံစားရသည်၊ ချွေးစေးများနှင့် ညီးစီစီဖြစ်နေ၍ ခဏနားပြီး ရေချိုးလိုက်သည်၊ ပြီးနောက် ထမင်းတစ်လုံးနှိပ်ကာ ဝယ်လာသည့် ဟင်းဖြင့် ညစာစားလေသည်၊ စားပြီးနောက် ဖုန်းဆိုင်က ကူးယူလာသည့် (Money Heist) ဆိုသည့် စပိန်ဇာတ်လမ်းတွဲကို ညဆယ်နာရီလောက်အထိ ကြည့်ပြီး မျက်လုံးအနားယူလိုက်သည်၊ ဟိန်းထက်လည်း ဆော်နှင့် တစ်နေရာသွားပြီး ဒိနေ့ည ပြန်လာမည့်ပုံမပေါ်တော့၍ အတွင်းဂလန့်များပါ ပိတ်ပြီး အိပ်ရာဝင်လိုက်လေတာ့သည်….။
မနက် ၆ နာရီခွဲတော့ နိုးစက်က အသံမြည်၍ အိပ်ရာက ထရလေသည်၊ အိပ်ရာနိုးနိုးချင်း ဒိုက်ထိုးချင်း၊ အိပ်ထမတင်ပြုလုပ်ခြင်းများစသော မနက်ခင်း လေ့ကျင့်ခန်းကို ပြုလုပ်ပြီးနောက် ရေချိုးလိုက်သည်၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်ရမည်ဖြစ်၍ ကုမ္ပဏီက ယူနီဖောင်းသပ်သပ် မရှိသော်လည်း ဝတ်နေကြ အဖြူရောင်တီရှပ် လက်ရှည်နှင့် စတိုင်ပင်ဘောင်းဘီတို့ကို တွဲဖက်၍ ဝတ်ဆင်လိုက်သည်၊ ခေါင်က ဆံပင်ရှည်ကိုလည်း ခေါင်းလိမ်းဆီဖြင့် သေချာဖီးကာ အနောက်မှာပင် စုချည်လိုက်လေသည်။
မနက်စာကိုတော့ မနေ့ကလိုပင် ထမင်းကြော်စားလိုက်သည်၊ ရုံးနေ့လည်စာအတွက် ထမင်းကျန် နှစ်တုံးကို ဂျိုင့်ထဲဖိသိပ်ပြီး ကြက်ဥမွှေကြော်နှစ်လုံးကိုပါထည့်ကာ ပြင်ဆင်လိုက်လေသည်၊ ထိုအချိန်တွင် ဟိန်းထက်က တိုက်ခန်းတံခါးဖွင့်ပြီး ကဗျာကယာနှင့် ရောက်လာလေသည်….။
“ရဲမာန်…. ငါ့အတွက် မနက်စာ ကျန်သေးလား….. ဟောဟဲ… ဟောဟဲ”
“ထမင်းလှော်နည်းနည်းတော့ ကျန်သေးတယ်…. ညစာ ဝဝလင်လင် မစားခဲ့ရဘူးလားကွ”
“ညစာအစားလွန်လို့ ဒုက္ခရောက်နေတာပဲ…. ဟူး… မောတာ၊ နောက်တစ်ခါ တိုက်ခန်းငှားရင် နှစ်လွှာလောက်မှာပဲ နေကြရအောင်”
“အဲ့တာဆို တစ်လငါးသောင်းလောက် ပိုပေးရလိမ့်မယ်”
“နေပါစေတော့… ငါရေသွားချိုးလိုက်ဦးမယ်… ရုံးနောက်ကြလို့မဖြစ်ဘူး…ဘူး”
“ငါတော့ ရုံးသွားပြီ ဟိန်းထက်ရေ….”
“အေးအေး.. သားကြီး”
ကျွန်တော်ကတော့ နေ့လည်စာ ထမင်းဂျိုင့်လေးကိုဆွဲပြီး ရုံးသွားရန်အတွက် ဘတ်စ်ကား မှတ်တိုင်တွင် စီးမည့်ကားအလာကို မတ်တပ်ရပ်ပြီး စောင့်နေလေသည်၊ ထိုအချိန်တွင် ကျွန်တော့်စိတ်ထဲတွင် တစ်စုံတစ်ယောက်က စောင့်ကြည့်နေသလိုမျိုး ခံစားရသည်၊ ဘေးဘီကို ဝှေ့ကြည့်တော့လည်း အသိတစ်ယောက်မှမတွေ့၊ သူလိုကိုယ်လို ရုံးသွားမည့်လူများကိုသာ တွေ့ရလေသည်….။
မကြာခင်ပင် ရုံးအထိရောက်မည့် ဘတ်စ်ကား ရောက်လာသည်နှင့် နေရာရန်အတွက် စောင့်နေသော သူများနှင့် သူ့ထက်ငါ အလုအယက် တက်ကြရသည်၊ ရုံးတက်ချိန်ဖြစ်၍ ခရီးသည်များသော်လည်း အားလုံးလိုလို အမွှေးနံ့သာများ လိမ်းချယ်ထားကြသဖြင့် မွှေးကြိုင်နေကြသဖြင့် တော်သေးသည်ဟု ပြောရမည်။
ရုံးကိုရောက်တော့ Fingerprint နှိပ်ပြီး ကျွန်တော့်ရဲ့ HR ဌာနထဲ ဝင်လိုက်လေသည်…၊ ရုံးထဲတွင် အသုံးပြုသည့် လေသန့်ဆေး (air fresher) အနံ့ကြောင့် နှာခေါင်းရှုံ့လိုက်သည်….၊ အနံ့ကို မကြိုက်၍မဟုတ်….၊ ရုံးခန်းထဲတွင် နေ့စဉ်ရနေရသော ရနံ့ဖြစ်သည်ကြောင့် အလုပ်ရှုပ်သည့် အနံ့… စိတ်ရှုပ်ရသည့် အနံ့ဟု မသိစိတ်ထဲက အလိုလို သတ်မှတ်ထားမိသောကြောင့် ဖြစ်သည်။
HR အခန်းထဲတွင် ကျွန်တော်တစ်ယောက်တည်းသာ စောရောက်နေလေသည်၊ အရင်တစ်ပတ်က လုပ်ရန် ကျန်ရှိသော ကိစ္စများကို စဉ်းစားပြီး မှတ်စုစာအုပ်ထဲ ချရေးလိုက်လေသည်….။ ထိုအချိန်တွင် ရုံးခန်းထဲသို့ ကောင်မလေးတစ်ယောက် ဝင်လာလေသည်….။
“Good Morning….”
“အေးအေး… သိရိ…. နင်ဟိုတလောက အလုပ်လျှောက်လွှာတွေ ဘယ်နားထားလိုက်လဲ”
“ဟင်……. ဘယ်တုံးကလဲ”
“အရင်လကုန်လောက်တုံးက လျှောက်လွှာတွေလေ၊ လူကိုယ်တိုင်ရော E mail နဲ့ရော ပို့ထားတဲ့ ဟာတွေလေ… ငါနင့်ကို သိမ်းခိုင်းထားလိုက်တာ”
“ဟုတ်လား… ဟီးဟီး၊ ညီမ ပြန်ရှာထားလိုက်မယ်”
“အေး… မနက် မီတင် (Meeting) မပြီးခင် ရှာထားနော်…..”
“ဟုတ်ကဲ့ပါ”
( သီရိ ဆိုသည့် ငနဲမလေးမှာ စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရပြီးခါစ ကောင်မလေးဖြစ်ပြီး ကျွန်တော်တို့ HR ဌာနတွင် အစမ်းခန့် သုံးလ ခန့်ထားသော ဝန်ထမ်းဖြစ်လေသည်၊ နောက်လဆိုလျင် တရားဝင်ဝန်ထမ်း ဖြစ်တော့မည် ဖြစ်သော်လည်း အခုထိ အလုပ်လုပ်လျင် ရှပ်ပြာပြာနိုင်ကာ ပေါ့ဆတတ်လေသည်…..၊ အပျင်းတော့မကြီး၊ နောက်တစ်ချက်က မိတ္ထီလာ စီးပွားရေးတက္ကသိုလ်ဆင်း ကိုယ့်၏ဂျူနီယာ ဖြစ်သောကြောင့် မန်နေဂျာထံတွင် အာမခံထားခြင်း ဖြစ်သည်)
၉ နာရီထိုးခါနီးတွင် ကျွန်တော့်လက်အောက်က အငယ်နှစ်ယောက်ဖြစ်သော သဲသဲဦး နှင့် ဇော်မျိုးနိုင် တို့ ရောက်လာကြသည်…..။
“မင်္ဂလာပါ… ကိုဆံရှည်”
ဟု ဇော်မျိုးနိုင်က နှုတ်ဆက်လိုက်သည်၊ ကျွန်တော်က…
“မင်းတို့နှစ်ယောက်က အတူတူ ရုံးလာတာပါလား၊ တွဲနေကြတာလား”
ဟု ကျွန်တော်က စလိုက်သည်….၊ ထိုအခါ သဲသဲဦးက….
“ပေါက်တီးပေါက်ရှာ…. ကိုရဲမာန်ရယ် ၊ ညီမက သူနဲ့တွဲစရာလား”
ဟု နှုတ်ခမ်းစူပြီး ပြောလိုက်လေသည်။
( သဲသဲဦး နှင့် ဇော်မျိုးနိုင် တို့သည် ကျွန်တော့်ထက် ရာထူးနိမ့်သည့် HR Staff များ ဖြစ်ကြလေသည်၊ ကျွန်တော်က နင်တို့တွဲနေတာလားဟု စနောက်သည်ကို သဲသဲဦး မကြိုက်ရသည်မှာ ဇော်မျိုးနိုင်က ခပ်နွဲ့နွဲ့ အခြောက်လိုင်းထဲ ပါနေသောကြောင့် ဖြစ်လေသည်)
“နင်တို့နှစ်ယောက်ရော၊ ဒီနေ့ ဘာလုပ်စရာရှိလဲ”
“အရင်လက ခွင့်စာဖိုင်တွေ ပြန်တွဲပြီးတော့ အခွန်ရုံးသွားစရာရှိတယ် ကိုရဲမာန်”
“အေးအေး…”
မကြာခင်တွင် ဌာနမန်နေဂျာ ဒေါ်ခိုင်ဇာမြင့် ရောက်လာပြီး သူမ၏ရုံးခန်းထဲတွင် မနက်ခင်း မီတင် လုပ်ကြလေသည်၊ ဒေါ်ခိုင်ဇာမြင့်က ဒီနေ့ ဘာတွေလုပ်စရာရှိကြလဲဟု မေးမြန်းပြီးတော့ ထပ်တိုးညွန်ကြားချက်အသစ်များကို မှာကြားပြီး မီတင်ကို အဆုံးသတ်လိုက်လေသည်၊ ထို့နောက် ကျွန်တော်ကို …
“ရဲမာန်…. နင်က ခဏနေခဲ့ဦး၊ ကျန်တဲ့သုံးယောက်က လုပ်စရာရှိတာ သွားလုပ်ကြတော့”
“အစ်မ….ဘာကိစ္စလဲ”
“ခဏထိုင်ပါဦးအေ…. ငါလည်း အခုမှရုံးရောက်တာ… ကော်ဖီတောင် မသောက်ရသေးဘူး”
“ဟုတ်”
“နင်အစောကြီး ရောက်နေတာလား… ကော်ဖီသောက်ဦးမလား”
၈ နာရီခွဲလောက်ကတည်းက ရောက်နေတာ၊ ဒါတောင် ကားတိုးစီးရသေးတယ်၊ မသောက်တော့ဘူး အစ်မ”
“ကားဝယ်တော့လေ မောင်လေး၊ မင်းစုထားတာတွေ ရှိတယ်မလား…. အိမ်ပြန်ပေးရလား”
“တိုက်ခန်းတောင် ဝယ်မလောက်သေးပါဘူး အစ်မရယ်… မိန်းမယူရင်တောင် အိမ်ကိုပူဆာရမှာ..၊ တောင်းပေးဖို့ ပိုက်ဆံမရှိလို့”
“နင်က ရည်းစားရှိပြီမို့လို့လား”
“ဟင့်အင်း…..ဟဲဟဲ”
HR မန်နေဂျာ ဒေါ်ခိုင်ဇာမြင့်သည် သူမဖျော်ထားသည့် ကော်ဖီခွက်ကို စားပွဲပေါ်သို့ တင်လိုက်ကာ ကျွန်တော့်အား…
“မနက်ဖြန်ကြရင် ဥက္ကဌကြီးရဲ့တူက HR ကို တစ်ပတ်လောက် လာလိမ့်မယ်”
“ဟို မြတ်မင်းသန့် ဆိုတဲ့တစ်ယောက်လား၊ ကျွန်တော်တို့ဌာန အလှည့်ရောက်လာပြီပေါ့”
“အင်း…. အစ်မပြောချင်တာက သူ့ကို အရေးမကြီးတဲ့ ကိစ္စတွေပဲ ခိုင်းနော်၊ တစ်ခုခု လွဲသွားမှာစိုးလို့”
“ဟုတ်ကဲ့ပါ….. ဟိုတစ်ခါ MBA တွေ တစ်လလောက် အလုပ်သင်လာလုပ်ကတည်းက မှတ်သွားပါပြီ၊ ဒီတစ်ခါ တစ်ပတ်ထဲဆိုတော့ ဖိုင်တွဲခိုင်းထားပြီး ပြန်လွှတ်လိုက်ရုံပဲ”
“အေးပါ မောင်လေးက အစ်မနဲ့ အလုပ်အတူတူလုပ်လာတာ သုံးနှစ်ကျော်ရှိနေပြီပဲ၊ ရဲမာန်ကို ယုံပါတယ်….. အစ်မ နောက်တစ်ခု မှာချင်တာက……”
ဒေါ်ခိုင်ဇာမြင့်က အသံသိသိသာသာ တိုးသွားပြီးတော့
“ဘယ်သူ့မှတော့ မပြောနဲ့နော် မောင်လေး၊ ဥက္ကဌကြီးက အစ်မကို မှာထားလို့….၊ အခုလာမယ့် ကောင်လေးက သူ့မိန်းမဖက်က တူတော်တာ….၊ အဲ့တာ ဥက္ကဌကြီးက ဟိုဖက်အမျိုးကုမ္ပဏီက အစ်မတို့ ကုမ္ပဏီကို လွှတ်လိုက်ပြီး အရေးကြီးကိစ္စတွေ စုံစမ်းခိုင်းတာမျိုး လုပ်မှာစိုးလို့”
“ဟုတ် အစ်မ.. နားထောင်ရတာကလည်း ကိုရီးယားဇာတ်လမ်းတွဲ ကြနေတာပဲ”
“အေး အဲ့တာ သူတို့မိသားစုကိစ္စပါ၊ မောင်လေးက ရာထူးကြီးတွေရဲ့ ဖိုင်တွေရှိတဲ့ ဗီဒိုကို သူ့ရှေ့မှာ မဖွင့်မိစေနဲ့၊ အဲ့ဗီဒိုသော့အပိုကို ဒီဌာနမှာ အစ်မနဲ့ မောင်လေး နှစ်ယောက်တည်း ကိုင်တာနော်….၊ အဲ့တာ သတိထားဖို့ ပြောတာပါ”
“ဟုတ်..အစ်မ”
“အဲ့တာလေး မှာချင်လို့ပါ… ရပြီ မင်းသွားလုပ်စရာရှိတာလုပ်တော့”
“ဟုတ်ကဲ့”
——————–
“ဥက္ကဌတူက ဘယ်အချိန်မှ လာမှာလဲ… ကိုးနာရီတောင် ခွဲတော့မယ်”
“မသိပါဘူးအေ…သူလာချင်တဲ့အချိန် လာပါစေ ၊ လစာပေးထားရတာမှ မဟုတ်တာ”
ကုမ္ပဏီကို လေ့လာရန်ဆိုသည့် ( ဥက္ကဌကြီး၏ တူဖြစ်သော မြတ်မင်းသန့် ဆိုသူသည် အကြောင်းပြချက်ဖြင့် ယခင်လက ရောက်ရှိလာပြီး ဌာနတစ်ခုချင်းစီတွင် တစ်ပတ်ခန့်မျှ သွားရှုပ်ပြီး အခုတော့ HR ဌာနကို ရောက်ရှိလာချေပြီ၊ အလုပ်သင်သည် မသင်သည်တော့မသိ၊ ဇော်မျိုးနိုင်ပြောသည့် သတင်းအရ ဆိုလျင်တော့ သူရောက်သွားသည့် ဌာနတိုင်းတွင် ကောင်မလေးများနှင့် ရှုပ်ကာ ပွေသည်ဟူ၍ နာမည်ထွက်သည်ဟု သိရသည်၊ အလုပ်တွင် မတော်သော်လည်း ရူပါဖြူးပြီး ရေလျှံသောကြောင့် ကောင်မလေးများ အလွယ်တကူ ကျရှုံးကြသည်ဟုလည်း ကြားထားသေးသည်)
ဒေါ်ခိုင်ဇာမြင့် ရုံးခန်းထဲကနေ အပြင်ဖက်ရောက်လာတော့ မြတ်မင်းသန့်ဆိုသည့် သကောင့်သားက ကျွန်တော့်ထိုင်ခုံပေါ်တွင် ထိုင်နေတာကို တွေ့လိုက်ရသည်၊ ကျွန်တော့်ကို မြင်တော့..
“ဟိုင်း…. ဘရားသား…. Senior HR ဆိုလို့ အသက်ကြီးကြီးထဲက မှတ်နေတာ၊ တွေ့လိုက်တော့ ရွယ်တူလောက်ပဲကိုး”
ဟု နှုတ်ဆက်လေသည်၊ အပြောအဆိုက အချိုးမပြေ၊ ကျွန်တော်က စိတ်ကိုထိန်း၍…..
“ကိုမြတ်မင်းသန့်ဆိုတဲ့ တစ်ယောက်လား၊ ကျွန်တော့်နာမည်က ရဲမာန်ပါ”
“ဒီက ညီမတွေ ပြောပြထားလို့ သိပြီးပါပြီ၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ဒါနဲ့ ဒီဌာနမှာ ကျွန်တော် ဘာလုပ်ရမှာလဲဗျ…”
“အင်း.. ပထမရက်ဆိုတော့ စာဖိုင်တွဲတာတွေ လုပ်ကြည့်ပေါ့၊ သိရိ နင်ခွင့်စာရွက်တွေ တွဲဖို့ ရှိတယ်မလား”
“ဪ..အင်း…အဲလေ..ဟုတ်”
ကျွန်တော့်ဌာနက မိန်းကလေးနှစ်ယောက်ဖြစ်သော သဲသဲဦးနှင့် သီရိတို့သည် မြတ်မင်းသန့်ကို ရွန်းဝေသော မျက်လုံးအစုံနှင့် ကြည့်နေရာမှ ကျွန်တော်က မေးလိုက်တော့ အင်းအင်းအဲအဲ ဖြစ်သွားကြသည်၊ ကျွန်တော်က…. မျက်မှောင်ကို နှစ်ဆကြုံ့ပြလိုက်သည်၊ အကင်းပါသော သဲသဲဦးက
“သိရိ… နင်က အရင်ဆုံး ငါတို့ဌာနက ဘာတွေလုပ်ရတယ်ဆိုတာကို နင်သိသလောက် ရှင်းပြလိုက်..၊ ပြီးမှ ခွင့်စာရွက်တွေ တွဲကြ“
ဟု ကျွန်တော် စိတ်မတိုခင် ညွန်ကြားလိုက်လေသည်။
HR ဌာနကို မြတ်မင်းသန့် ရောက်လာပြီးတွင် ကျွန်တော့်စိတ်ထဲ တစ်ခုခုကို အလိုမကျသလို ခုလုခုလု ဖြစ်နေလေသည်၊ သကောင့်သားက အလုပ်လုပ်တာနည်းနည်း ကောင်မလေးတွေနှင့် ဟီးဟီးဟားဟား လေဖုတ်နေတာများများ…. ပြီးတော့ ကျွန်တော့်အတွေ့အကြုံအရ ပြောရလျင် တော်ကီညက်သည်ဟု ပြောရမည်၊ နောက်နေ့ရောက်မှ ဌာနက ကမြင်းမနှစ်ကောင်ကို သတိပေးရအုံးမည်ဟု တွေးရင်း သူတို့ကို လစ်လျူရှူကာ ကိုယ်လုပ်စရာရှိသည့် အလုပ်ကိုပဲ ဆက်လုပ်နေလိုက်သည်။
ညနေရုံးဆင်းခါနီးတော့ မြတ်မင်းသန့်က ကျွန်တော့်နားလာပြီးတော့….
“ကိုရဲမာန် ရုံးဆင်းရင် ဘားကိုသွားကြမလို့၊ လိုက်ခဲ့ပါလား၊ ကျွန်တော် ဒကာခံပါ့မယ်”
ဟု ပြောလေသည်။
“ငါလုပ်စရာလေးရှိသေးလို့”
“ဟာ.. လိုက်ခဲ့ပါ ဘရားသားကလည်း… သဲသဲဦးနဲ့ သိရိရော ပါကြမှာ၊ ဇော်မျိုးနိုင်တောင် အစက လိုက်ခဲ့မလို့ သူ့အိမ်က ပြန်ခေါ်လို့ရယ်”
မြတ်မင်းသန့်က အဲ့လိုပြောတော့ ကျွန်တော် ခေါင်းခဲသွားသည်…၊ ဇော်မျိုးနိုင်မပါပဲ ကောင်မလေးနှစ်ယောက်ထဲ လိုက်သွား၍မဖြစ်၊ အစကတော့ ရုံးဆင်းရင် စိတ်ဖြေလျှော့ရန်အတွက် ဂိမ်းဆိုင်သွားပြီး ပြိုင်ကားမောင်းသည့် ဂိမ်းဆော့ရန် စီစဉ်ထားသော်လည်း ကမြင်းမနှစ်ကောင်ကို စိတ်မချသည့်အတွက် လိုက်ရလေအုံးမည်…။
“အဲ့တာဆိုလည်း လိုက်ခဲ့တာပေါ့”
ဒီလိုနဲ့ ရုံးဆင်းတော့ မြတ်မင်းသန့်က သူ၏ နိုင်ငံခြားဖြစ်ကားကို ကားပါကင်ကနေ ထုတ်ခဲ့ပြီးတော့ ရုံးရှေ့တွင်ရပ်ပြီး…..
“HR က ရောင်းရင်းတွေ တက်ကြ၊ သွားရအောင် ”
ဟု ပြောလေသည်၊ ကျွန်တော်က ရုပ်တည်ဖြင့် ကားခေါင်းခန်းတွင် ဝင်ထိုင်လိုက်လေသည်။
သဲသဲဦးနှင့် သိရိတို့ နှစ်ယောက်ကလည်း ကုတ်ကုတ်ကုတ်ကုတ်ဖြင့် အနောက်ခန်းထဲကနေ လိုက်လာလေသည်၊ ကားပေါ်ရောက်တော့ မြတ်မင်းသန့်က မိန်းကလေးများ သဘောကြမည့် စကားများကို တောင်စဉ်ရေမရ ပြောလေသည်၊ ကျွန်တော်ကတော့ အနောက်ကနေသာ ဖော်လိုလိုက်ရင်း ပါလာခဲ့သည်…..၊ မြတ်မင်းသန့်တစ်ယောက် မရယ်ရတဲ့ ဟာသတွေကို ပြောလိုက်တိုင်း အနောက်ခန်းက နှစ်ယောက်က တခစ်ခစ်နဲ့ ရယ်မောပြီး ပါလာကြသည်၊ ကျွန်တော်က နားကြားပြင်းကတ်လာတာနဲ့ အနောက်ကိုလှည့်ကြည့်ပြီး မျက်မှောင်ကြုံ့ပြလိုက်မှပဲ နှစ်ယောက်လုံး မျက်နှာပိုးသေသွားကြသည်။
Herry’s Bar ရောက်တော့ မြတ်မင်းသန့်က သူပိုက်ဆံပေါတယ်… ဆရာကြီးဆိုတဲ့စတိုင်နဲ့ ဒကာခံမယ်ဆိုပြီး စားချင်တာစား ဆိုပြီး ပြောလေသည်၊ ကျွန်တော်ကတော့ ကော့တေးတစ်ခွက်နှင့် အာလူးကြော် တစ်ပွဲသာ မှာလိုက်လေသည်၊ ကောင်မလေးနှစ်ယောက်ကတော့ ကြွက်လေးနှစ်ကောင်လို ခေါင်းချင်းဆိုင်ကာ လေသံတိုးတိုးနှင့် တစ်ခုပြီးတစ်ခု မှာပြီး စားသောက်ကြလေသည်။
ဘားတွင် စားသောက်ပြီးတော့ မြတ်မင်းသန့်က …..
“စားပြီးရင် ကလပ်ကို ဆက်သွားရအောင်လေ၊ ဒီနားမှာ အသစ်ဖွင့်တဲ့ ကလပ်ရှိတယ်…၊ သွားကြ မလား”
ဟု မေးလေသည်၊ ကျွန်တော်ကပင် စကားပိတ်၍…..
“ကျွန်တော်ကတော့ လိုက်ခဲ့လို့ရတယ်…. ကောင်မလေးနှစ်ယောက်ကတော့ အိမ်ပြန်ရမယ်နဲ့ တူတယ်”
ဟု ပြောလိုက်လေသည်၊ ထိုအခါ ကောင်မလေးနှစ်ယောက်ကလည်း…
“ဟုတ်တယ်အစ်ကို၊ အိမ်ကမျှော်နေလိမ့်မယ်”
ဟု ပြန်ပြောလေသည်…..။
“ဒါဆို ကိုရဲမာန် လိုက်ခဲ့ပေါ့၊ ဘရားသားကလည်း ရုပ်တည်ကြီးနဲ့၊ ရုံးဆင်းပြီပဲဟာ ပျော်စရာရှိတာ ပျော်ကြတာပေါ့”
“ဟုတ်ပြီကွာ…. ယောကျာ်းလေးတွေချည်းပဲဆိုတော့ ကဲကြတာပေါ့…. ချီးယား”
အမှန်အတိုင်း ပြောရရင်တော့ လူပေါ်ကြော့ မြတ်မင်းသန့်နှင့် ကလပ်ကို ဆက်မလိုက်ချင်တော့၊ ဟိုနှစ်ယောက်ကို စကားပိတ်ရန် ပြောထားပြီးသား ဖြစ်နေ၍သာ ရေလိုက်ငါးလိုက် မျှောနေလိုက်ခြင်း ဖြစ်သည်….၊ နောက်ပြီးတော့ ကိုယ်မပေါင်းချင်သော သူနှင့်လည်း စိတ်ထဲရှိသည့်အတိုင်း မပေါင်းပဲ နေရမည့်အရွယ် မဟုတ်တော့…..၊ လူကြီးဖြစ်လာတော့ လူမှုရေးဆိုသည့် ဟန်ဆောင်မျက်နှာဖုံးကို မတပ်ချင်လည်း တပ်လာရလေပြီ၊ ကျောင်းတုံးက စိတ်နှင့် ဆိုလျင်တော့ သည်းခံကာ စကားပြော ပခုံးဖက်ပြီး ပေါင်းလိမ့်မည် မဟုတ်ချေ။
ဘာပဲပြောပြော ကျွန်တော်က သူ့ကို ခင်မင်ဟန်ဆောင်လိုက်ပြီး အလိုက်သင့်လေး နေလိုက် သောကြောင့် မြတ်မင်းသန့်က တဖြည်းဖြည်း ပိုပြီး အရောတဝင် လုပ်လာလေသည်၊ ဘားမှာ စားပြီးတော့ ကောင်မလေးနှစ်ယောက်ကို ကားမှတ်တိုင်သို့ ပြန်ပို့ပြီးတော့ မြတ်မင်းသန့်က ဖုန်းဆက်ပြီး နောက်ဆော်တစ်ပွေကို သွားခေါ်ပြန်လေသည်၊ မြတ်မင်းသန့်က…
“ဘရားသား… ကျွန်တော့်ဆော် သွားခေါ်လိုက်ဦးမယ်နော်…. အဆင်ပြေတယ်မလား”
“ရတယ် ငါ့ညီ… မင်းသဘော”
“အစ်ကိုရော ဆော်ရှိရင် ခေါ်ခဲ့ပါလား…. အတူတူ ပျော်ရတာပေါ့”
“ဆော်မရှိပါဘူးကွာ”
“ဘရားသားက ဆံပင်ရှည်ကြီးနဲ့ Rocker ရုပ်ခန့်ခန့်ကြီးပါ…. ဘယ့်နှယ့် ဆော်မရှိတာလဲဗျ၊ စိတ်တော့မဆိုးနဲ့နော်.…. အစ်ကိုက ဂေးလား”
“ဂေး ဟုတ်မဟုတ် စမ်းကြည့်ချင်လား ဘရားသား”
ဟုပင် ရယ်မောစွာနှင့် ပြန်ဖြေလိုက်သည်။ ကျွန်တော့်စိတ်ထဲတွင်တော့ တော်တော် တင်းသွားသည်၊ သို့သော် လူမှုရေးအရ ဟန်ဆောင်ပြုံးနှင့်သာ အဆုံးသတ်လိုက်ရသည်၊ ဒီလိုကောင်ကို မိန်းကလေးတွေက ဘာတွေကြည့်ကြိုက်တာလဲ မသိ…၊ စိတ်ရှိသည့်အတိုင်းဆိုလျင် စောက်ခွက်ကို လက်သီးနဲ့ တစ်လုံးပြီးတစ်လုံး ဆွဲထိုးချင်နေလေပြီ။
နိုက်ကလပ်ကို ရောက်တော့လည်း လမ်းတွင် ဝင်ခေါ်လာသော ကောင်မလေးနှင့် အတူတူ သောက်စားကြ… ကကြရင်းကနေ သူ့ဘော်ဒါတွေ တွေ့တော့ ကောင်မလေးကိုထားခဲ့ပြီး တခြားဝိုင်းကို ပြောင်းသွားသည်၊ ပြီးတော့ တော်တော်နှင့် ပြန်မလာ…၊ ကျွန်တော်တို့ဝိုင်းတွင် အဲ့ကောင်မလေးနှင့် ကျွန်တော်တို့နှစ်ယောက်သာ ကျန်ခဲ့လေသည်။
ကောင်မလေးက ကျွန်တော်နှင့်မသိ၍ အမ်းတမ်းတမ်း ဖြစ်နေလေသည်၊ ခဏကြာတော့ သူမက ကိုမြတ်မင်းသန့်လာရင် ပြန်ပြီလို့ ပြောပေးဦးလို့ ပြောပြီး ထွက်သွားလေသည်၊ အချိန်ကြည့်လိုက်တော့ ၁၀ နာရီခွဲ ရှိနေပြီဖြစ်၍ ကျွန်တော်လည်း ပြန်မှဖြစ်တော့မယ်ဟု တွေးပြီး မြတ်မင်းသန်ရှိသော ဝိုင်းသို့သွားကာ…
“ဟေ့ရောင်… မြတ်မင်းသန့် ငါပြန်တော့မယ်ကွာ”
“ဘရားသား.. ပျင်းနေပြီလား၊ ဒီဝိုင်းကို လာခဲ့လေဗျာ… ဟိုတစ်ယောက်ကော”
“မင်းဆော်လား….ပြန်သွားပြီ”
“ဆော်မဟုတ်ပါဘူး.. ဒီအတိုင်း ဇယားလေးပါ သိတယ်မလား… ဟဲဟဲ၊ ဘရားသားတော့ မပြန်ပါနဲ့ဦး.. ပါတီက အခုမှ စမှာဗျ”
“အားနာပါတယ်ကွာ… မနက်ဖြန် ရုံးတက်ရအုံးမှာမို့လို့ သွားပြီကွာ”
“အဲ့တာဆိုလည်း ပြီးတာပဲဗျာ၊ ရုံးရောက်မှ ပြန်တွေ့မယ် ဘရားသား”
ကျွန်တော်ပြန်ခါနီး သူတို့ဝိုင်းကို ကြည့်လိုက်တော့ မြတ်မင်းသန့်၏ ရင်ခွင်ထဲတွင် နောက်ထပ် ကောင်မလေးတစ်ယောက် ရောက်နေပြန်သည်ကို တွေ့လိုက်ရပြန်သည်၊ အတော်ရှုပ်တဲ့ကောင်၊ ညအချိန်လင့်နေပြီ ဖြစ်သဖြင့် တက်စီငှားပြီး အိမ်ပြန်ခဲ့လိုက်လေသည်၊ တိုက်ခန်းထဲ ပြန်ရောက်တော့ ဟိန်းထက်က
“ရဲမာန်…. သားကြီး မင်းဒီနေ့ နောက်ကြလှချေလား၊ ဆော်ရနေပြီလား”
“ရပြီဟေ့.. ရပြီ၊ တစ်နေကုန် ဒီကိစ္စနဲ့ပဲ ငါ့ခလုတ်တိုက်နေကြတာ… ငါ့မစပါနဲ့တော့ကွာ…၊ ဒီနေ့ ရုံးမှာ အာရုံနောက်လာလို့ပါ ဟိန်းထက်ရာ”
“အေး… ပြီးတာပဲ ငါမင်းဖို့ ထမင်းချက်ပေးထားတယ်”
“ငါ မနက်ဖြန်ကြ ထီထိုးတော့မယ်”
” ခွေးကောင်”
နောက်တစ်နေ့ မနက်ရုံးကိုရောက်တော့ သိရိက ကျွန်တော့်နားကပ်ပြီး
“ကိုရဲမာန်….. မသဲသဲဦးကို ပြောပေးပါဦး”
ဟု ပြောလေသည်….။
“ဘာပြောပေးရမှာလဲ၊ နင့်ဘာ့သာနင် ပြောပေါ့”
“ဟို ကိုမြတ်မင်းသန့်ကို မသဲသဲဦးက ကြိုက်နေတယ်ထင်တယ်၊ အစ်ကိုလည်း သူ့အကြောင်းကို သိရဲ့သားနဲ့… တားပေးပါဦး”
“မနေ့က နင်တို့နှစ်ယောက်ပဲ မြတ်မင်းသန့်နဲ့ ဟီးဟီးဟားဟား လုပ်နေကြတာမလား”
“အဲ့တာ ညီမက ဂုန်းဆင်းချင်လို့ လိုက်ပြီး ရယ်ပေးတာပါ၊ ကိုရဲမာန်က စိတ်မချလို့ မနေ့က လိုက်လာတာမလား”
“အဲ့တာ မနေ့ကပါ၊ အခုတော့ ကြိုက်ချင်လည်း ကြိုက်ကြပါစေ..၊ ငါက သူ့အဖေမှ မဟုတ်တာ”
ထိုအခါ ဘေးနားက ဇော်မျိုးနိုင်ကလည်း ဝင်ပြီး…
“ကိုဆံရှည်… နည်းနည်းပါးပါးတော့ သတိပေးလိုက်ပေါ့ဗျာ၊ ကြာထားရတဲ့ သတင်းက ကောင်းတာမဟုတ်ဘူး”
ဟု ဝင်ပြောလေသည်၊ ကျွန်တော်က
“သီရိ…. ငါပြောတာထက် နင်တို့မိန်းကလေးချင်းပဲ သတိပေးလိုက်၊ ငါကတော့ မပြောချင်ပါဘူး၊ အလုပ်ကိစ္စဆိုရင်လည်း တစ်မျိုး”
“ဟုတ်…အဲ့တာဆိုလည်း….. အင်း… ပေါ့နော်”
သီရိပြောနေတုံးမှာပင် ရုံးခန်းထဲသို့ သဲသဲဦး ဝင်လာ၍ သုံးယောက်လုံး အသံတိတ်သွားလေသည်၊ သီရိကိုကြည့်တော့ အခါတိုင်းထက်ပိုပြီး အလှတွေ ပိုပြင်လာပုံပေါ်သည်၊ အမွှေးနံ့တွေလည်း ကြိုင်လို့….၊ ဇော်မျိုးနိုင်က ကျွန်တော့်ဖက်လှည့်ပြီး အသံတိုးတိုးဖြင့်…..
“ကောင်မ …… လော်ခင် ပျော်ဆင်နေတာ”
ဟု ပြော၍ ကျိတ်ရယ်လိုက်ရသေးသည်။ ထိုအချိန်တွက် မန်နေဂျာရုံးခန်းထဲက ဒေါ်ခိုင်ဇာမြင့်ခေါင်းလေးက ပြူးထွက်လာပြီး…
“HR တွေ စကားများနေကြတာလား”
ဟု ပြောလေသည်….။ မနက်ခင်း အလုပ်မလုပ်ခင် Channel Myanmar မှ ဇတ်ကားအသစ်တွေ ခိုးပြီး Download နေသော ကျွန်တော်က လန့်သွားပြီး ဒေါင်းနေသော Tab ကို Minimize လုပ်လိုက်လေသည်၊ ပြီးမှ…
“အလုပ်ကိစ္စ ပြောနေတာပါ… အစ်မ၊ ဘာခိုင်းစရာရှိလို့လဲ”
“ဪ စောနက ဖုန်းလာတယ်၊ မောင်မြတ်မင်းသန့် နေသိပ်မကောင်းလို့၊ အဲ့တာ ဒီနေ့ ရုံးမလာနိုင်လောက်တော့ဘူးတဲ့”
“ဪ…ဟုတ်ကဲ့ပါ အစ်မ”
“အဲ… နောက်ပြီး ခဏနေကြရင် ရဲမာန် ငါ့ရုံးခန်းထဲလာခဲ့ဦး”
“ဟုတ်”
မြတ်မင်းသန့် ဒီနေ့ ရုံးမလာတော့ဘူးတဲ့လား.. အဲ့တာကြောင့် ဒီနေ့ ရာသီဥတုက ပိုပြီး သာယာနေသည်ဟု ထင်မိသည်၊ ဇော်မျိုးနိုင်က သဲသဲဦးဖက်သို့ လှည့်ကာ…
“ဒီနေ့တော့ အစစ်မတစ်ယောက်တော့ မိတ်ကပ်ဖိုး ရှုံးပါပြီ”
ဟု စနောက်လိုက်လေသည်။ ငါးမိနစ်လောက်ကြာတော့ ဒေါ်ခိုင်ဇာမြင့်၏ ရုံးခန်းထဲသို့ တံခါးခေါက်ပြီး ဝင်သွားလိုက်သည်..။
“အစ်မ…ဝင်လာလို့ရပြီလား”
“အေးအေး… လာခဲ့ မောင်လေး”
“ဘာခိုင်းမလို့လဲဗျ”
“ဆယ်နာရီလောက်ကြ Finance ဌာနအတွက် accountant တစ်ယောက်ကို First interview လုပ်ဖို့ရှိတယ်”
“ဟုတ်”
“အဲ့တာ ငါက ရှယ်ယာရှင်အစည်းအဝေးနဲ့ တိုက်နေလို့၊ မင်းဗျူးပေးထားလိုက်၊ လုပ်ထုံးလုပ်နည်းတွေ သိနေပြီပဲဟာ”
“ဖြစ်ပါ့မလား အစ်မ..၊ ကျွန်တော်က ဗျူးဖူးတာ မဟုတ်ဘူး”
“ရုပ်တည်တည်နဲ့ မေးစရာရှိတာသာ မေးလိုက်၊ CV form ထဲ ဘာမှမရေးနဲ့ဦးနော်…၊ ငါပြန်လာမှ ပြန်ပြောပြ…၊ first interview ပဲဟာ မင်းပဲကိုင်လိုက်တော့”
“ဟုတ်ကဲ့ အစ်မ”
“မင်းလည်း လက်ထောက်မန်နေဂျာ ဖြစ်တော့မှာပဲဟာ၊ နောက်ဆို အငယ်ပိုင်းတွေ လာလျှောက်ရင် မင်းပဲ အင်တာဗျူးပေးလိုက်တော့”
“ဟုတ်ကဲ့ပါ”
“အေးအေး အဲ့တာဆို ငါသွားပြီ”
ဆယ်နာရီထိုးခါနားနီးတော့ သီရိ ရောက်လာပြီး…
“ကိုရဲမာန်… အင်တာဗျူးမယ့် ကောင်မလေး ရောက်လာပြီ၊ အစ်မက အစည်းအဝေးမှာဆို”
“ငါ့ကိုဗျူးခိုင်းခဲ့တယ်… ငါအင်တာဗျူး အခန်းထဲမှာ စောင့်နေမယ်….၊ နောက်သုံးမိနစ်နေရင် အဲ့ကောင်မလေးရော သူ့ CV form ကော ယူခဲ့ပေး”
“ဟုတ်ကဲ့ အစ်ကို”
သီရိကို ညွှန်ကြားစရာရှိတာ ညွန်ကြားပြီး သန့်စင်ခန်းထဲသို့ဝင်ကာ ခန္တာကိုယ်ရော ဆံပင်ပါ သပ်ရပ်မှုရှိမရှိ စစ်ဆေးလေသည်၊ ကိုယ်က အင်တာဗျူးရမည့် အခြေအနေ ရောက်နေပြီ မဟုတ်လော..၊ ပြီးမှ အင်တာဗျူးအခန်းထဲက ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာ ထိုင်လိုက်လေသည်….၊ သီရိက အရင်ဝင်လာပြီး..
“ကိုရဲမာန်… ဒီမှာ သူ့ CV ”
“အေးအေး အခန်းထဲ လွှတ်လိုက်တော့”
“ဒေါက်…ဒေါက်…ဒေါက်”
“ဝင်ခဲ့ပါ….”
အင်တာဗျူးခန်း၏ တံခါးပေါက်သည် လူတစ်ယောက်ဝင်စာ ပွင့်သွားပြီး ခေတ်ဆန်ပြီး Smart ကျသည့် သေးသေးသွယ်သွယ် ကောင်မလေးတစ်ယောက် ဝင်လာလေသည်၊ သူမ၏ အသားအရည်မှာ ဖြူဖွေးပြီး တောက်ပလေသည်၊ အင်တာဗျူးဖြေဆိုမည့် ကောင်မလေးများ ဝတ်သည့် ဝတ်စုံကို သူမနှင့် လိုက်ဖက်သော ပုံစံကို ရွေးဝတ်တတ်လေသည်….၊ မိတ်ကပ် ပါးပါးလေးနှင့် နှုတ်ခမ်းနီရဲရဲကို ဆိုးထားသေးသည်၊ ကျွန်တော်က…
“ထိုင်ပါဦး… ညီမ”
“ဟုတ်ကဲ့ပါ….အစ်ကို”
“ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါဦး”
“ကျွန်မနာမည်ကတော့.. နန်းဖူးဝတ်မှုံ ပါ”
(ပြန်လည်ရှင်းပြခြင်း။ ။ HR department ဆိုသည်မှာ မြန်မာလို ဝန်ထမ်းရေးရာ ဌာနတစ်ခု ဖြစ်ပြီး အလုပ်ခန့်အပ်ရာမှ အလုပ်ထွက်သည်အထိ လုပ်ဆောင်ချက်ပေါ် မူတည်၍ အမှတ်ပေးချင်း….. အပြစ်ပေး အရေးယူခြင်း.…. ခွင့်ရက်များ တခြားသော ခံစားခွင့်များကို အလုပ်သမားနှင့် အလုပ်ရှင်ကြားထဲက ညှိနှိုင်းဆောင်ရွက်ပေးသည့် ဌာန ဖြစ်လေသည်။
HR manager – ဒေါ်ခိုင်ဇာမြင့်
Assistant manager – (လစ်လပ်ရာထူး ရဲမာန် ယာထားခြင်းခံရ)
Senior HR – ရဲမာန်
HR Staff – သဲသဲဦး ၊ ဇော်မျိုးနိုင်
အစမ်းခန့် – သီရိ ( Permanent ဖြစ်ရန် တစ်လသာလိုတော့)
ဥက္ကဌကြီး၏မိန်းမဖက်ကတူ – မြတ်မင်းသန့်)
အပိုင်း (၂) မျှော်



